ခရီးသည်ဝန်နှင့်အားမမျှသည့်အတွက် မြိတ်-ကျွန်းစုအမြန်ရေယာဉ် အခေါက်ရေတိုးဆွဲမည်

 မြိတ်-ကျွန်းစု အမြန်ရေယာဉ်တစ်စီး။  ဓာတ်ပုံ - Dawei Watch
မြိတ်-ကျွန်းစု အမြန်ရေယာဉ်တစ်စီး။ ဓာတ်ပုံ - Dawei Watch

|Dawei Watch| မြိတ်၊မေ ၃၀

မြိတ်မြို့မှ ကျွန်းစုမြို့သို့ ပြေးဆွဲနေသည့် အမြန်ရေယာဉ်များတွင် ခရီးသည်များပြားပြီး ဝန်နှင့်အားမမျှသည့်အတွက် အခေါက်ရေတိုးပြေးဆွဲတော့မည်ဖြစ်သည်။

ခရီးသည်များအန္တရာယ်ရှိနိုင်ခြင်းကြောင့် မေလ ၂၈ ရက်က မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အမြန်ယာဉ်များအသင်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများတွေ့ဆုံဆွေးနွေးပြီးနောက် ယင်းသို့ သဘောတူခဲ့ကြခြင်းဖြစ်သည်။

ယခင်ကမြိတ်မှ ကျွန်းစုမြို့သို့ တစ်နေ့ လျှင် ၃ ခေါက်ပြေးဆွဲနေရာမှ ဇွန်လ ၁ ရက်နေ့ မှ စတင်ကာ ၄ ခေါက် ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ တိုင်းဒေသကြီးဆိပ်ကမ်းအရာရှိရုံး(မြိတ်)မှ  ဒုကြီးကြပ်ရေးမှူး ဦးအောင်ဝင်းကြူ ကပြောသည်။

"ခရီးသည်တွေများတော့ အမြန်ယာဉ်အမိုးပေါ်တက်စီးကြတာတွေရှိတယ်။ ဒီအပေါ်အန္တရာယ်များတော့ အခေါက်ရေ ထပ်တိုးလိုက်တာပါ"ဟု ၎င်းကပြောသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရဝန်ထမ်းများလစာထုတ်သည့်နေ့တွင်လည်း အမြန်ယာဉ်တစ်စီး သီးသန့် ပြေးဆွဲရန် သဘောတူညီခဲ့ကြသည်ဟု ဦးအောင်ဝင်းကြူက ဆိုသည်။

၎င်းအပြင် ဇွန်လ ၁ ရက်မှစ၍ လက်မှတ်တစ်စောင်ဝယ်လျှင် အသက်အာမခံကြေးအတွက် တစ်ရာကျပ် ကောက်ခံသွားရန် သဘောတူညီခဲ့ကြောင်း ဦးအောင်ဝင်းကြူက ဆိုသည်။

အမြန်ရေယာဉ်စီးနေသည့် ကာလအတွင်း မတော်တဆထိခိုက်ကာ သေဆုံးခြင်း သို့မဟုတ် မသန်စွမ်းဖြစ်သွားခြင်း စသည့်ကိစ္စရပ်မျိုးအတွက် ခရီးသည်တစ်ဦးလျှင်နစ်နာကြေးငွေ ကျပ်သိန်း ၂၀ ထောက်ပံ့ရန်သတ်မှတ်ထားပြီး အမြန်ယာဉ်ပိုင်ရှင်ဘက်မှလည်းနောက်ထပ် ကျပ် ၁၀ သိန်း နစ်နာကြေးပေးဆောင်ရန် သတ်မှတ်ထားကြောင်း မြန်မာ့အာမခံလုပ်ငန်း မြိတ်ခရိုင်ရုံးတာဝန်ခံ ဦးနိုင်မျိုးကျော် ကပြောသည်။

ထိခိုက်ဒဏ်ရာ ၇၄ မျိုးအတွက် နစ်နာကြးအမျိုးအမျိုးရှိကြောင်း မြန်မာ့အာမခံလုပ်ငန်း မြိတ်ခရိုင်ရုံးထံမှ သိရသည်။

မြိတ်မြို့မှ ကျွန်းစုသို့ လက်မှတ်တစ်စောင်လျှင် ၁၅၀၀ ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း အမြန်ရေယာဉ်ပိုင်ရှင်များ ထံမှ သိရသည်။

Dawei Watch