ဖားကန့်ရတနာနယ်မြေအတွင်း ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ စတင်ရပ်ဆိုင်း

ဇူလိုင် ၅

    လုံးခင်းဖားကန့်ရတနာနယ်မြေအတွင်း ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများကို ဇူလိုင်လ ၁ ရက်နေ့မှစတင်ပြီး ၃ လကြာ ရပ်နားလိုက်ပြီဖြစ်ကြောင်း သိရသည်။
    မိုးတွင်းကာလ အတွင်း ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများကို လုပ်ကိုင်ပါက ကမ်းပါးပြိုခြင်း၊ နွံကန်များ ပေါက်ကျနိုင်ခြင်း၊ မြေစာပုံများ လျှောကျခြင်းစသည်တို့ ဖြစ်ပေါ်နိုင်ခြင်းကြောင့် ရပ်နားခိုင်းရခြင်းဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဋ္ဌာန၏ ဇွန်လ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

    ယင်းသို့ ရပ်နားထားစဉ်ကာလအတွင်း တရားမဝင်ကျောက်မျက် တူးဖော်ရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ပါက ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
    "အထူးသဖြင့်ကုမ္ပဏီကို လုံးဝမလုပ်ဖို့ အတွက်ကို စနစ်တကျ လမ်းညွှန်ပြီးသားဖြစ်ပါတယ်။ လုံးခင်း၊ ဖားကန့်မှာရှိတဲ့ အထွေထွေမန်နေဂျာ ဦးဆောင်တဲ့အဖွဲ့ကနေ အပတ်စဉ် အစီရင်ခံစာတွေ တင်ပြခြင်းဖြင့် ဆောင်ရွက်ချက်တွေ(ကျောက်စိမ်း တူးဖော်ခြင်း) မရှိအောင် စိစစ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်"ဟု ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းမှ ပြောကြားသည်။

    ယင်းအပြင် ဝန်ကြီးမှ တရားမဝင် တူးဖော်နေခြင်းများကို တွေ့ရှိပါကလည်း မိမိတို့ ဝန်ကြီးဋ္ဌာန ထံသို့ အမြန်ဆုံး အကြောင်းကြားပေးစေလိုကြောင်းလည်း ထပ်ဆင့်ပြောကြားခဲ့သည်။
    ယင်းသို့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ သုံးလ ရပ်နားထားခြင်း အပေါ် တူးဖော်ရေးကုမ္ပဏီများudk အစားထိုးသက်တမ်း တိုးပေးရန် အစီအစဉ် မရှိကြောင်းလည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ ဦးဆာင် ညွှန်ကြားရေးမှူး အောင်ညွန့်သိန်းက ပြောကြားထားသည်။

    "ဒီကိစ္စက ကျနော်တို့ အနေနဲ့ ဘာမှမဆုံးဖြတ်ရသေးပါဘူး။ ဝန်ကြီးဌာနကိုလည်း တင်ပြထားတာ မရှိသေးပါဘူး။ အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ  ကော်မတီရဲ့ အကြံပြုချက်နဲ့ ရပ်နားခိုင်းရတာပါ။ အစားထိုးသက်တမ်း ပေးဖို့ကတော့ ကျနော်တို့အနေနဲ့ ဘာမှစီစဉ်ထားတာ မရှိသေးပါဘူး။ သုံးလ နားခိုင်းတဲ့ သဘောပါပဲ"ဟု ဦးအောင်ညွန့်သိန်းမှ ဖားကန့်ခရီးစဉ်တွင် ကချင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး (KDNPC) ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီတာဝန်ခံ ဦးဇော်အောင်၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

    ယခင်နှစ်များက မိုးတွင်းကာလများတွင် ကျောက်မျက်လုပ်ကွက်များ ယာယီရပ်နားသည့် အချိန်များကို ပွင့်လင်းရာသီတွင် အစားထိုးသက်တမ်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်းလည်း လုပ်ငန်းရှင်များထံမှ သိရသည်။

စည်သူ(မြစ်ကြီးနား)