လူငယ်များအတွက်ရည်ရွယ်ပြီး ဘောလုံးပြိုင်ပွဲများ ကျင်းပပြုလုပ်

အန္တရယ်ရှိပြီး ရွေးချယ်စရာများသောပတ်ဝန်းကျင်တွင် လူငယ်များ မူးယစ်ဆေးဝါး၊ အရက်၊ လောင်းကစားများ၏ ကျွန်မဖြစ်စေပဲ မိမိတို့၏ဘဝကို ရည်ရွယ်ချက်ရှိရှိ၊ ပန်းတိုင်ရှိရှိ ဖြတ်သန်းနိုင်စေရေးအတွက် ချင်းလူမျိုး ဒေသခံအဖွဲ့အစည်းများမှ အားကစား၊ အလုပ်အကိုင်၊ လူမှုရေးအဖွဲ့ဖွဲ့ခြင်း အစရှိသည်တို့ဖြင့် လူငယ်များ လမ်းမှန်ပေါ်ဆက်လက်လျှောက်လှမ်းနိုင်ရန် အဖက်ဖက်မှ ကူညီလုပ်ဆောင်လျက်ရှိသည်။

ထိုလုပ်ငန်းစဉ်များတွင် လူငယ်များအတွက်ရည်ရွယ်ပြီး ကျင်းပပြုလုပ်သည့် ဘောလုံးပြိုင်ပွဲသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ကလေးမြို့၊ တာဟန်းတွင် လူငယ်များ အားကစားဘက်၌ စိတ်ပါဝင်စားလာစေရန်အတွက် ရည်ရွယ်ပြီး ဘောလုံးပြိုင်ပွဲများကို နှစ်စဉ် ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် ကျင်းပပြုလုပ်ပေးလျက်ရှိသည်။

ကလေးမြို့၊ တာဟန်းမီဇိုးထာလိုင်းပေါလ် (TMTP) ၏ အတွင်းရေးမှူးဖြစ်သူ ဦးဗားလ်ပွီမှ ဘောလုံးပြိုင်ပွဲများ ကျင်းပပေးရသည့် ရည်ရွယ်ချက်ကို ယခုလိုပြောကြားခဲ့သည်။

“ဘောလုံးပြိုင်ပွဲကျင်းပရတဲ့ အဓိကရည်ရွယ်ကတော့ ကျနော်တို့ လူငယ်တွေ မူးယစ်ဆေးဝါးနွံထဲမှာ မကျရောက်ဖို့၊ ပြီးတော့ ကျနော်တို့ လူငယ်အားကစားသမားတွေ အားကစားဘက်မှာ ဒီထက်မက ပိုမိုးတိုးတက်လာဖို့ ဒီအားကစားနဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်တဲ့အထိ တိုးတက်အောင်မြင်လာစေဖို့ဖြစ်ပါတယ်”

ဆက်လက်၍ “ကျနော်တို့ရဲ့ လူငယ်ကစားသမားတွေ မူးယစ်နွံထဲမှာ မနစ်မြုပ်ဖို့ ရည်ရွယ်ပြီး ဒီလိုဘောလုံးဖလားပြိုင်ပွဲတွေကို ကျင်းပတာဖြစ်တယ်၊ ဒါကြောင့် ဒီလိုပွဲမျိူးတွေ များများလုပ်ပေးသင့်တယ်၊ ဒါကြောင့် ကျနော်တို့ရဲ့ ဘောလုံးဖလားပြိုင်ပွဲတွေကို လာပြီးအားပေးကြပါ၊ တန်ဖိုးထားပေးကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟုတိုက်တွန်းခဲ့သည်။

တာဟန်း (E) ဘောလုံးအသင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မောင်လားနွန်ပွီးကလည်း “ကျနော်တို့ဒီပြိုင်ပွဲအတွက် အတတ်နိုင်ဆုံးပြင်ဆင်ထားကြပါတယ်၊ ဒါပေမယ့် အလုပ်ကိုယ်စီရှိကြတဲ့သူတွေလည်းရှိတော့ မနက်ပိုင်းမှာ အဖွဲ့လိုက် လေ့ကျင့်ခန်းတော့မလုပ်နိုင်ဘူး၊ ညနေပိုင်းလောက်မှာပဲ လေ့ကျင့်ခန်းလုပ်နိုင်ကြတယ်” ဟု ပြိုင်ပွဲအတွက် ၎င်းတို့၏ ပြင်ဆင်မှုအခြေအနေကို ပြောပြခဲ့သည်။

ဆက်လက်၍ လူငယ်များအတွက်ရည်ရွယ်ပြီး “ဒီလိုဘောလုံးဖလားပြိုင်ပွဲဟာ ကျနော်တို့လူငယ်တွေကို စုစည်းစေပါတယ်၊ စည်းလုံးစေပါတယ်၊ လူငယ်တွေကို အဓိကပြောချင်တာကတော့ ဘောလုံးအားကစားမှာပျော်မွေ့ကြပါ၊ မူးယစ်နွံထဲကနေ ရုန်းထွက်လာကြပါတော့လို့ ပြောချင်ပါတယ်” ဟု အားပေးခဲ့သည်။

နှစ်စဉ်နှစ်တိုင်း ပွင့်လင်းရာသီရောက်သည်နှင့်တစ်ပြိုင်နက် ယခုကဲ့သို့ဘောလုံးပြိုင်ပွဲများကို လူငယ်များအာရုံမပျံ့လွင့်စေရန်ရည်ရွယ်ပြီး ကလေးမြို့၊ တာဟန်းရှိဘောလုံးကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိပါသည်။