လူမှုကွန်ရက်ပေါ်က အမုန်းစကားတွေကို ဘာဖြစ်လို့ ပိတ်ပင်တားမြစ်သင့်တာလဲ ?

လူမှုကွန်ရက်တွေပေါ်မှာ Hate Speech လို့ခေါ်တဲ့ အမုန်းစကားတွေ ရေးသားဖြန့်ဝေမှုတွေကို တွေ့နေရပါတယ်။ Hate Speech ခေါ်တဲ့ အမုန်းစကား ဆိုတာက ကျား-မ (လိင်)၊ မျိုးနွယ်ဗီဇ၊ ဘာသာရေး၊ လူမျိုးရေး၊ ကိုယ်ကာယ မသန်မစွမ်းမှု ဒါမှမဟုတ် လိင်လှုံ့ဆော်မှု စတာတွေနဲ့ ပတ်သက်ပြီး တစ်ဖက်သားကို နစ်နာအောင် တိုက်ခိုက်ပြောဆိုတာကို ဆိုလိုတာပါ။

အမုန်းစကားတွေကို ဘာဖြစ်လို့ ပိတ်ပင်တားမြစ်သင့်တာလဲ ဆိုတဲ့ အဓိက အကြောင်းကတော့ လူမျိုး တစ်မျိုးနဲ့ တစ်မျိုး၊ ဘာသာ တစ်ခုနဲ့တစ်ခု၊ လူအဖွဲ့အစည်း တစ်ခုနဲ့ တစ်ခု အကြား အမုန်းပွားပြီး၊ ပဋိပက္ခတွေ ဖြစ်လာကာ သွေးထွက်သံယို ရာဇဝတ်မှုတွေ ဖြစ်လာစေနိုင်လို့ပါပဲ။

ဒီအချက်ကြောင့် လူ့အဖွဲ့အစည်း တည်ငြိမ်ရေးကို ပျက်ပြားစေနိုင်ပြီး ဒီမိုကရေစီကို မင်းမဲ့စရိုက် ဖြစ်သွားစေနိုင်လို့ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄(ဃ) မှာတော့ “တိုင်းရင်းသား လူမျိုးတစ်မျိုးနှင့် တစ်မျိုး သို့မဟုတ် တိုင်းရင်းသား အချင်းချင်းကိုသော် လည်းကောင်း၊ အခြားဘာသာ သာသနာကို လည်းကောင်း ထိခိုက်နစ်နာမှု မရှိစေဘဲ မိမိ ချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဥ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်” ဆိုပြီး နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနဲ့ တာဝန်များဆိုတဲ့ အခန်းမှာ ပြဋ္ဌာန်းထားပါတယ်။

ဒါကြောင့် တခြားသူရဲ့ အခွင့်အရေးများကို မထိခိုက်ရလေအောင်နဲ့ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးတစ်မျိုးကို အကြောင်းပြု၍ ပဋိပက္ခဖြစ်စေနိုင် သော အမုန်းစကား ပြောကြားတာတွေ၊ လှုံ့ဆော်ရေးသားမှုတွေကို ပိတ်ပင်တားမြစ်သင့်ပါတယ်။ ။