ပတ္တမြားတို့ မွေးဖွားရာမြေ

ဆဏ်းမောင်(ကွတ်ခိုင်)

(၂ဝ၁၈)ခုနှစ်သည် မိုးကုတ်မြို့တည် နှစ်(၈ဝဝ)ပြည့်သော နှစ်ဖြစ်သည်။နှစ်(၈ဝဝ) ပြည့် အထိမ်းအမှတ်အဖြစ် ပွဲတော်ကြီးကို ခြိမ့်ခြိမ့်သဲသဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပါမည်ဆိုသည့်အကြောင်းကို ရက်ပေါင်းများစွာကပင် ကြိုတင်ကာ ရုပ်သံ မီဒီယာ၊ စာနယ်ဇင်း မျက်နှာပြင်နှင့် အွန်လိုင်း လူမှုကွန်ယက်များပေါ်တွင် ဟိုးလေးတကျော် ရှိလှပေသည်။ဆွဲဆောင် ဖိတ်ခေါ်မှုအားကောင်းလှသောကြောင့် မိုးကုတ်မြို့အား ဒေသန္တရ ဗဟုသုတအနေဖြင့် လေ့လာရန် စီစဉ်မိတော့သည်။

ယခု မိုးကုတ်မြို့သို့ သွားရောက်မည်မှာ ကျွန်တော့်ဘဝအတွက် ဒုတိယမြောက်ရောက်ရှိခြင်း ဖြစ်ပေလိမ့်မည်။(၁၂) နှစ်သား အရွယ်လောက်တွင် ကျွန်တော် မိဘများနှင့်အတူ ရောက်ရှိဖူးသောကြောင့်ဖြစ်သည်။ ထိုစဉ်က မန္တလေးမှ သွားရောက်ခြင်းပင်။ ကွတ်ခိုင်မှ မိုးကုတ်သို့သွားရောက်ရန် အစောပိုင်း အစီစဉ်မှာ ကားဖြင့် သွားရန်ဖြစ်သည်။ ထိုသို့ ဆိုလျှင် ကျွန်တော်တို့မိုးကုတ်သို့ သွားရောက်ကြမည့် လမ်း(၃)သွယ်ကို စဉ်းစားရတော့သည်။မန္တလေး-မိုးကုတ်လမ်းက သွားမည်လော။ ပြင်ဦးလွင်-မိုးကုတ်လမ်းက သွားမည်လော။ကျောက်မဲ-မိုးကုတ်လမ်းက သွားမည်လော။ကားမူးတတ်သော ကျွန်တော်နှင့် အကွေ့အကောက်ထူထပ်များပြားသော မိုးကုတ်လမ်းသည် ကြိုတင် တွေးမိရုံမျှပင် ခေါင်းထဲတွင် မကြည်မလင်ဖြစ်မိတော့သည်။ သို့ကြောင့် ကားစီးနင်းကာ ခရီးသွားရခြင်း အစီစဉ်ကို ဖျက်ရတော့သည်။ခရီးမိုင် အကွာအဝေးမှာ ဝေးလံလှသော်လည်း ဆိုင်ကယ်ဖြင့်သာ သွားရောက်ကြရန်ဆုံးဖြတ်လိုက်ရ၏။

မန္တလေး-မိုးကုတ်လမ်းက သွားလျှင်တတွေ့တပတ်ဖြင့် မလိုအပ်ဘဲ မိုင်ရှည်လျားသွားမည်။အဆင်မပြေ။ပြင်ဦးလွင်-မိုးကုတ်လမ်းကို စဉ်းစားကြည့်ပြန်သည်။ထိုလမ်းအတိုင်းသွားရောက်ဖူးသည့် မိတ်ဆွေတစ်ဦးက ပြောသည်။ဆိုင်ကယ်ဖြင့်သွားလျှင် လမ်းလုယက်သူများက ခြောင်းမြောင်းကာ နောက်မှ လိုက်လံလုယက် ရန်ရှာတတ်ကြောင်း သိရှိရသည်။သည်တော့ ပြင်ဦးလွင်မှ ဆိုင်ကယ်ဖြင့် သွားလျှင်လည်း စိတ်မချရ။ကွတ်ခိုင်မှပြင်ဦးလွင် အထိလည်းမောင်းနှင်ရပေဦးမည်။တဖန်ပြန် ကျောက်မဲ-မိုးကုတ်လမ်းပိုင်းကို ရွေးချယ်ကြည့်ပြန်သည်။ကျွန်တော်ငယ်စဉ်အခါက သည်လမ်းပိုင်းသည် အန္တရာယ်ထူပြောကြောင်းကို သွားရောက်ဖူးသူ လူကြီးသူမကပြောဆိုသံကြားဖူးသည်။လက်တလော အခြေအနေအရ ထိုလမ်းသည် မိုင်ပေါင်းများစွာ မောင်းနှင်ရန် သက်သာသော လမ်းဖြစ်၏။

ခင်မင်ရသော မိတ်ဆွေ ယာဉ်မောင်းတစ်ဦးထံ စုံစမ်းရပြန်သည်။ထိုမိတ်ဆွေသည် မူဆယ်-မိုးကုတ် ပြေးဆွဲလျှက်ရှိသော ချမ်းသာအောင် ယာဉ်ငယ်အသင်းမှ ဖြစ်သည်။ကျောက်မဲ-မိုးကုတ်လမ်းသာ သူမောင်းနှင်ကြောင်း၊ လုံခြုံ စိတ်ချရကာ လမ်းပိုင်းလည်းကောင်းမွန်ကြောင်း အကြောင်းပြန်လာသည်။ထို့ကြောင့် ကျောက်မဲ-မိုးကုတ်လမ်းမှ သွားရောက်ကြရန် ရွေးချယ်လိုက်တော့သည်။

နှစ်(၈ဝဝ) ပြည့်ပွဲတော်ရက်မှာ မတ်လ (၂၉/၃ဝ/၃၁) ရက်များဖြစ်သဖြင့် (၂၈)ရက်နေ့မနက်(၇)နာရီ ထိုးသည်နှင့် အတူ တပည့်ကျော် မောင်စံကြည်တို့ဆိုင်ကယ်တစ်စီးနှင့် ကွတ်ခိုင်မှ ခရီးစတင် ထွက်ခွာလာခဲ့ကြသည်။ ကြိုတင် စီစဉ်ထားသည်မှာ ကျောက်မဲအထိသာ မောင်းနှင်ကြမည်။ကျောက်မဲ ရောက်ရှိလျှင် တစ်ညအိပ် အနားယူကြမည်။နောက်တစ်နေ့ မနက်ရောက်ပေကာမှ ကျောက်မဲ-မိုးကုတ် (၇၇) မိုင် ခရီးကို ဆက်နှင်ကြရန်ဖြစ်သည်။ဆရာတပည့် နှစ်ယောက် ဆိုင်ကယ်ကို အေးအေးလူလူ မောင်းနှင်လာကြရင်း ကျောက်မဲသို့ နေ့လည် (၂) နာရီကျော်မှ ဆိုက်ရောက်လာကြသည်။ကျောက်မဲရောက်ကာမှနေ့လည်စာ စားကြမည်ဟု နှစ်ယောက်သား မောင်းတင်ထားကြသည်။ကျောက်မဲ ရောက်သည့်အခါ ဆာလောင်ပြီဖြစ်သောကြောင့် “အောင်” အမည်ရှိ မြန်မာထမင်းဆိုင်တွင် နေ့လည်စာ စားရန် ဝင်လိုက်ကြသည်။

ထမင်းဆိုင်တွင် ခေါင်းမဖော်တမ်း စားသောက်ပြီးသောအခါတွင် ကျွန်တော်နှင့် မောင်စံကြည် အငြင်းအခုံ စပါလေတော့သည်။ကျွန်တော်က ထွက်လာခဲ့သည့် အစီအစဉ်အတိုင်း ကျောက်မဲမှာ အနားယူရန်ဖြစ်သည်။ တပည့်ကျော်က အချိန်ရှိသေးသည်။မိုးကုတ်သို့ ဆက်ပြီး ခရီးဆက်လိုသည်။ တစ်ညနားလျှင် တည်းခိုစာရိတ် သက်သက်ကုန်မည်ကို မလိုလား။ လူငယ်ပီပီ စိတ်မြန်လက်မြန် မိုးကုတ်သို့  မြန်မြန်ရောက်လိုသည်။သူစဉ်းစားသည်က တစ်မျိုး။ ကျွန်တော် စဉ်းစားမိသည်မှာ ယခုကျွန်တော်တို့ စားသောက်ပြီးချိန်တွင် ညနေ (၃) နာရီပင် ထိုးလုနီးပေပြီ။ယခုချိန်မှ စတင်ထွက်ခွာပါဘိ (၇၇) မိုင်ကျန်ရှိသော ခရီးအား ညအမှောင်ပိုင်းမှ ရောက်ချေတော့မည်။မိမိ တစ်ခါတစ်ခေါက်မျှ မသွားလာဖူးသည့်လမ်း။လမ်းပိုင်းတလျှောက်ရွာစပ်ကျဲသည်ဖြစ်ရာ လမ်းခုလပ် ဆိုင်ကယ်တစုံတရာ ချွတ်ယွင်းခဲ့သော် လူသူမနီးတောကြီးထဲတွင် ဒုက္ခရောက်ရမည်ကို ကျွန်တော်က တွေးပူမိနေလေသည်။

ယခုရက်ပိုင်း အတွင်းလေးပင် ကျောက်မဲနယ် တော့ဆန်ဒေသတဝိုက်တွင် အချိန်လင့်သွားပေက လုံခြုံရေးအရပါ စိတ်မချရကြောင်း ကျွန်တော်ကခြုံငုံ သုံးသပ်မိခြင်းကြောင့်လည်းဖြစ်သည်။သွားမည်ဆိုပေက တုံးဆိုတိုက် ကျားဆို ကိုက် သဘောရှိလှသော မောင်စံကြည်ကို နားဝင်ရန် ဖျောင်းဖျပေသော်လည်း ခေါင်းမာလှပေသည်။ ကျွန်တော်ပင် လိုက်လျောမှု ပြုရတော့၏။ သည်တော့ မိုးကုတ်သို့ခရီးဆက်ကြမည်။ သည်လမ်းပိုင်း အခြေအနေကို မေးစမ်း စနည်း နာဖို့ လိုအပ်လာပြီ ဖြစ်သည်။

ကျွန်တော်တို့ ထမင်းဝိုင်း၏ဘေးတွင်ရှိသော အခြားစားပွဲဝိုင်းတွင် ကားသမားများဟု ခန့်မှန်းရသူ လူလတ်ပိုင်း သုံးဦးသည် သူတို့အချင်းချင်း စကားပြောဆိုနေရာမှ မိုးကုတ်သို့ သွားရောက်မည့် ကျွန်တော်တို့အား စိတ်ပါဝင်စားမှု ရှိလာပုံရသည်။ထိုအထဲမှ အသားခပ်ဖြူဖြူလူတစ်ယောက်အား လမ်းပိုင်း အခြေအနေကို မေးမြန်းကြည့်ရာ

“အေးဗျ။ခင်ဗျားတို့ အခုသွားမယ့်လမ်းက ဒီအချိန်မှ သွားရင်တော့ မသင့်တော်ဘူး။ဒီအချိန်ဆိုရင် အသွားအလာ ကျဲတယ်။ မူဆယ်ဘက်က လာတဲ့ Van ကားတစ်စီးတော့ ရှိလိမ့်မယ်။ တလောကမှ တော့ဆန်ဘက်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်သွားခဲ့တော့ အခြေအနေရတော့ မကောင်းဘူး။အရေးကြီးလို့ သွားမယ်ဆိုရင်တော့ မိုင်းလုံအထိတော့ ရောက်အောင်မောင်းပေါ့။ကျောက်မဲနဲ့ မိုင်းလုံ အကြားကတော့ သိပ်စိတ်မချရဘူး။ ကားနဲ့ဆိုရင် ဒီကနေ (၃) နာရီလောက် မောင်းရတယ်ဗျ။ခင်ဗျားတို့က ဆိုင်ကယ်နဲ့သွားမှာဆိုတော့ အခုထွက်မယ့်အချိန် စဉ်းစားကြည့်ကြပေါ့ဗျာ။ကျွန်တော့်အနေနဲ့ဆိုရင် မနက်လင်းလင်းချင်းချင်းမှ သွားစေချင်တယ်။ အေးပေါ့လေ သွားမယ်ဆိုရင်တော့ သတိလေးထားပြီး သွားကြပေါ့ဗျာ…”

ထိုသို့ စေတနာစကားပြောဆိုပြီး ထိုသုံးယောက် ထမင်းဆိုင်ထဲမှ ထွက်ခွာသွားကြသည်။

“ဟုတ်တယ် မောင်လေးလမ်းခရီးက အသွားအလာပျက်တော့ အန္တရာယ်တော့များတယ်။ဒါပေမယ့် ဒီမှာ တစ်ညအိပ်မယ်ဆိုရင် အချိန်ပုပ်တာပေါ့။ မောင်လေးတို့နဲ့ ရှေ့ဆင့်နောက်ဆင့် တစ်နာရီလောက်ပဲ ခြားတယ် လူငယ်လေးတွေ အစ်မဆိုင်မှာပဲ ထမင်းစားပြီး ဆိုင်ကယ်စီးနှင့် မိုးကုတ်ကို သွားကြပြီ။ဒီမှာ ညအိပ်မယ်ဆိုရင်လည်း ခရီးမပန်းတာပေါ့ ငါ့မောင်ရယ်။သွားမယ်ဆိုရင်လည်း လမ်းမှာ ဘယ်သူတားတားရပ်မပေးဘဲ မြန်မြန်ဆန်ဆန်မောင်းပေါ့။ တပေါ့တပါးတွေ သွားချင်တယ်ဆိုရင် ရွာတွေရောက်မှ သွားကြ။ အန္တရာယ်ပိုကင်းတာပေါ့ကွယ်…”

ထမင်းဆိုင်ရှင် အစ်မ၏ သွားလည်း ရသည်။ မသွားလည်း ရသည်ဟူသော အဓိပ္ပါယ်နှစ်သွယ်စကားနှစ်ခွကြောင့် ခရီးဆက်ရေး၊ မဆက်ရေးမှာ စိတ်စနိုးစနောင့် ဖြစ်သွားရသည်မှာတော့အမှန်ပင် ဖြစ်သည်။

အခန်းဆက် ဆက်လက်ဖော်ပြပေးပါမည်။

Photo- San Maung (Kutkai)