ပတ္တမြားတို့ မွေးဖွားရာမြေ (၃)

ဆဏ်းမောင် (ကွတ်ခိုင်)

မိုင်းလုံနယ်ခံ ဆိုင်ရှင်နှင့် စကားပြောဆိုပြီး ကျွန်းပင်တန်းလေး စီစီရီရီနှင့် လမ်းမလေးအတိုင်း မောင်းနှင်လာရာ မိုင်း လုံတံတားကို ဖြတ်သန်းကြရသည်။ ပြင်ဦးလွင် လမ်းခွဲ-လမ်းဆုံရောက်သောအခါ ဝါးတန်းထားသော ရဲကင်းတွင် တာ ဝန်ကျရဲများသည် ကျွန်တော်တို့ဖြတ်သန်းမောင်းနှင်သွားသည်ကို လှမ်းကြည့်ရုံမျှတပါး တားဆီးစစ်ဆေးခြင်းမပြုကြ ပေ။ ကျောက်တလုံးကျေးရွာ၊ အထက်ညောင်ကုန်းကျေးရွာများကို ဖြတ်သန်းမောင်းနှင်လာကြပြီး မိုးကုတ်မြို့အဝင်သို့ ရောက်ရှိလာကြသည်။ မိုးကုတ်မြို့၏ အထင်ကရ အပန်းဖြေတစ်နေရာဖြစ်သော ကင်းချောင်းရေတံခွန်သို့ ခေတ္တဝင် ရောက်လည်ပတ်ရာ နွေအခါ ကာလဖြစ်သောကြောင့် ရေတံခွန်မှာ ထင်သလောက် လှပမှု မတွေးခဲ့ရပေ။ မိုးအခါတွင် မူ တောင်ကမ်းပါးယံ အမြင့်မှ ထိုးဆင်းကြလာမည့် ရေတံခွန်အလှကိုသာ မှန်းဆမြင်ယောင်ကြည့်ရင်း ကင်းချောင်း အ ပန်းဖြေစခန်းမှ ထွက်လာကြတော့သည်။

ညနေ(၆) မတ်တင်းလောက်တွင် မိုးကုတ်မြို့သို့ ပေါက်ရှိလာကြတော့သည်။ မိမိမသွားလာဖူးသော၊ အကွေ့အကောက် ထူထပ်ကာ အန္တရာယ်များလှသော မိုင်(၈ဝ) နီးနီး အကွာခရီးကို အချိန်(၄)နာရီနီးနီးဖြင့် မောင်းနှင်ဖုုိ့ဆိုသည်မှာ ခန့် မှန်းထားသည်ထက် လျင်မြန်စွာ မောင်းနှင်ခဲ့သည်ဟု ဆိုရပေမည်။ နှစ်(၈ဝဝ)ပွဲတော်ရက်တွင်းမို့ တည်းခိုခန်း ရှာဖွေရ သည်မှာလည်း ခေါင်းခြောက်စရာဖြစ်သည်။ ကြိုတင်စဉ်းစားဖူးသည့်အတိုင်း ကားဖြင့်လာရောက်လျှင် ကျွန်တော်တို့ အခက်တွေ့ချေမည်။ အဘယ်ကြောင့်ဆိုသော် ကျယ်ဝန်းလှသော မိုးကုတ်မြို့တွင် တစ်နေရာနှင့်တစ်နေရာ သွားလာဖို့ ဆိုသည်မှာ အလှမ်းဝေးလှသောကြောင့် ယခု ဆိုင်ကယ်နှင့်ဆို၍သာ ပိုမို အဆင်ပြေနေတော့သည်။

မိုးကုတ်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း(ယခု မန္တလေးတိုင်း)၊ ရှမ်းကုန်းပြင်မြင့်၏ အနောက်ဘက်စွန်းတွင် တည်ရှိ ကာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၄ဝဝဝ)ခန့် အမြင့်တွင် တည်ရှိသည်။ အနိမ့်ဆုံးဖြစ်သော မြို့လယ်မုံအင်းကြီး ပင်လျှင် ပင်လယ်ရေ မျက်နှာပြင်အထက် (၃၆၄၅)ပေမျှ မြင့်လေသည်။ မြန်မာနိုင်ငံတွင် မိုးအများဆုံးဒေသဖြစ်ခဲ့သော် လည်း အနီးပတ်ဝန်းကျင်ရှိ တောတောင်များမှ သစ်ပင်များကို ခုတ်ယူကြခြင်းကြောင့် (၁၉၂၈)ခုနှစ်တွင် မြို့လယ်ခေါင် ၌ ထိုမုံအင်းကြီး ဖြစ်ပေါ်လာကြောင်း သိရှိရသည်။

မိုးကုတ်သည် ကမ္ဘာသိ မြန်မာနိုင်ငံ၏ ရတနာမြေဖြစ်သည်။ ကမ္ဘာ့အရည်အသွေးအကောင်းမွန်ဆုံး ပတ္တမြားများနှင့် ကျောက်မျက်ရတနာများ ထွက်ရှိရာနေရာလည်းဖြစ်ပေသည်။ ဘူမိဗေဒပညာရှင်များ၏ အဆိုအရ မြို့၏အောက်ခံ ကျောက်ဖျာထုသည် မြန်မာနိုင်ငံတွင် သက်တမ်းအရင့်ဆုံးဖြစ်ကြောင်း ဆိုထားသည်။ မိုးကုတ်မြို့သည် တောင်များ ဝန်းရံထားသည်ဖြစ်ရာ မြို့ထဲမှ အရပ်လေးမျက်နှာ ရှုမျှော်ကြည့်လျှင် တောင်စဉ်သွယ်တန်း မြင်ကွင်းပေသာ တွေ့မြင် နေရသည်။ မိုးကုတ်ဒေသအနီးရှိ အမြင့်ဆုံးအထင်ကရတောင်များမှာ တောင်မင်းတောင်(၇၅၄၄)ပေ၊ ကြေးနီတောင် (၆၇၃၃)၊ တောင်တော်(၆၂၂၃)ပေ၊ မြို့မြင်တောင်(၅၉၅၅)ပေ၊ ထင်းရှုးတောင်(၅၆ဝ၆)ပေ၊ ပင့်ကူတောင်(၅၃၄၅)ပေ နှင့် ဒေါ်နန်းကြည်တောင် (၅၂၇၇)ပေတို့ပင်ဖြစ်သည်။

မိုးကုတ်မြို့တည်ခြင်းနှင့်ပတ်သက်၍ ရှေးဟောင်းတဘောင်အရ ကိတ်နဂါးကြွက်၊ သုံးဘော်ရှက်၊ ကျောက်မျက်ရတနာ၊ ပေါ်ထွက်လာ၊ ဂန္ဓာလတိုင်း၊ သမိုင်းပွင့်ဆန်း၊ ပင်သဖန်းဟု မော်ကွန်းထိုးထုတ် မြို့မိုးကုတ်ဟု ဆိုထားပေသည်။ တ ဘောင်အရ ကိတ်ဆိုသည်မှာ (၉)၊ နဂါးဆိုသည်မှာ(၇)၊ ကြွက်ဆိုသည်မှာ (၅)၊ (၉၇၅)ကို ပြောင်းပြန်ယူသော် မြန်မာ သက္ကရာဇ်(၅၇၉)တွင် သဖန်းပင်ရွာတည်သည်ဟု ဆိုသည်။ မိုးကုတ်မြို့မတည်မှီ မြို့နှင့်(၃)မိုင်ဝေးသော သဖန်းပင်ရွာ သည် အစအဦး တည်သည်ဟု အဆိုရှိထားပေသည်။

မိုးမိတ်စော်ဘွားသိုဟန်ဖက်လက်ထက်တွင် သူ၏ပိုင်နက်ဖြစ်သော ယခုဒေသတွင် မုဆိုးသုံးဦးတောလည်ထွက်ရင်း ရောက်ရှိခဲ့ရာ မိုးချုပ်နေပြီဖြစ်သောကြောင့် ရောက်ရှိရာသဖန်းပင်ကြီးခြေတွင် အိပ်စက်ခဲ့ကြသည်။ နံနက်လင်းသောအ ခါ အနီးရှိတောင်မှာ ပြိုကျနေပြီး ကျီးငှက်များ ထူးဆန်းစွာ ပျံဝဲနေသဖြင့် မုဆိုးသုံးဦးမှ သွားရောက်ကြည့်ရှုသောအခါ အသားတစ်သကဲ့သို့ နီရဲနေသော ပတ္တမြားကျောက်များကို တွေ့ရှိကြပြီး စော်ဘွားထံသွားရောက်ဆက်သခဲ့ကြသည်။ စော်ဘွားက ထိုတွေ့ရှိရာနေရာသို့ အစောင့်များ စေလွှတ်ကာ စောင့်ကြပ်ရာမှ သဖန်းပင်အနီးတွင် ရွာတည်ခဲ့ပါသည်။ သဖန်းပင်ရွာဟု အမည်ခေါ်တွင်ခဲ့ပြီး နောင်အခါ မိုးကုတ်ဟု ဖြစ်ပေါ်ခေါ်ဆိုလာကြသည်။ မိုးကုတ်အစ သဖန်းပင်ကဟု လည်း ဆိုရိုးစကား ရှိခဲ့ပေသည်။

မိုးကုတ်ဟု အဆင့်ဆင့်ခေါ်ဆိုလာခြင်းမှာလည်း အမျိုးမျိုးလေ့လာသိရှိရသည်။ မိုးကုတ်သည် မိန်းကွတ်ဟူသော ရှမ်းစ ကားမှ ဆင်းသက်လာသည်။ ဆိုလိုရင်းအဓိပ္ပာယ်မှာ မိန်း=မြို့၊ ကွတ်=ကောက်ကွေ့ခြင်းဟု ဆိုလိုသည်။ မြို့တည်ရှိပုံ ကား တောင်ကြားတွင် ကွေ့ကွေ့ကောက်ကောက် တည်ထားသဖြင့် ကောက်ကွေ့သောမြို့ဟု ခေါ်ဆို၍ ရပေသည်။ တ နည်းခေါ်ဆိုလာမှုမှာ မိန်းကု(ပ)ဟု ဆိုကြသည်။ မိန်း=မြို့၊ ကု(ပ)=ခမောက်ဟုအဓိပ္ပာယ်ရရှိရာ ခမောက်ကို လှန်ထား သကဲ့သို့ရှိကာ ဘေးပတ်လည်တွင် တောင်များ ဝိုင်းနေခြင်းကြောင့် အလယ်ချိုင့်ဝှမ်းအရပ်သည် ဒယ်အိုးကဲ့သို့ ဖြစ်ပေါ် နေသည်။ ထို့ကြောင့် မြို့ခမောက်(သို့)ဒယ်အိုးမြို့ ချိုင့်ဝှမ်းတွင်တည်ရှိသောမြို့ဟု ဆိုလိုသည်။

မိုးကုတ်ကို နောက်တစ်နည်းဆိုရသော် (ကံဝမ်ဆောက်မိန်း) မိုးစောစောချုပ်သောမြို့ဟုလည်း ဆိုသည်။ မိုးကုတ်မြို့ တည်မည့်နေရာတွင် ရှမ်းလယ်သမားများစိုက်ပျိုးကြရာ အခြားနေရာများထက် စော၍ မိုးချုပ်သွားသောကြောင့် မိုးချုပ် ခေါ်ရာမှ မိုးကုတ်ဖြစ်လာလေသည်။ ဆိုလောက်ပေသည်။ မိုးကုတ်မြို့ပတ်လည်တွင် တောင်မြင့်ကြီးများ တည်ရှိသဖြင့် နေဝင်စောသောကြောင့် အလင်းရောင် ကွယ်ပျောက်လွယ်၍ မိုးမြန်မြန်ချုပ်ခြင်းဖြစ်လေသည်။

ခရစ်နှစ် (၁၂၁၈)က စတင်မြို့တည်ခဲ့သော မိုးကုတ်မြို့တည် သက်တမ်းသည် ယခု ခရစ်နှစ်(၂ဝ၁၈)ဆိုပေက နှစ် (၈ဝဝ)ပင် ရှိခဲ့ပေပြီ။ ပွဲတော်ပြုလုပ်ကျင်းပသော နေရာသည် မိုးကုတ်မြို့လယ်ရှိ မံအင်းဘေးပတ်လည်တွင် ဖြစ်သည်။ ဒေသခံများက မုံကွင်းဟု ခေါ်ဆိုကြသည်။ မိုးကုတ်မြို့မှ တန်ခိုးကြီးဘုရားများဖြစ်သော ဖောင်တော်ဦးဘုရား၊ ချမ်းသာ ကြီးဘုရား၊ ပတ္တမြားစေတီစသည်တို့ကို ဝင်ရောက်ဖူးမျှော်ဦးခိုက်ကြသည်။ ပွဲတော်ရက်တွင် ပျော်ပွဲရွှင်ပွဲ၊ အားကစား ပြိုင်ပွဲများ၊ မဟာဗုဒ္ဓဝင် အဆိုပြိုင်ပွဲများ ကျင်းပပြုလုပ်ကြသည်။ နေ့ခင်းဘက်တွင် ခေတ်အဆက်ဆက်ဝတ်စားဆင် ယင်မှုများ၊ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုများကို တစ်မြို့လုံး လှည့်ပတ်ကာ ဝန်းခင်းကြခြင်းဖြင့် စည်ကားလှ ပေသည်။

ပွဲတော်ရက်များတွင် ပွဲခင်းအဖြစ်ပြုလုပ်သော မုံအင်နံဘေးရှိ မုံကွင်းတွင် ပြခန်းများ၊ စျေးဆိုင်ခန်းများဖြင့် ခမ်းနားစွာ ပြင်ဆင်ကြသည်။ ဖျော်ဖြေရေးစတိတ်စင်မှာလည်း နိုင်ငံခြားဂီတသမားများ သီဆိုသကဲ့သို့ ကြီးကျယ်ဝင့်ထည်လှပေ သည်။ နေ့၊ ည တီးခတ်ဖျော်ဖြေသောကြောင့် ကြက်ပျံမကျ စည်ကားလှချေ၏။ မိုးကုတ်မြို့သည် အနုပညာရှင်၊ စာပေ ပညာရှင်ပေါက်ဖွားပေးရာနေရာလည်း ဖြစ်သည်။ အကယ်ဒမီရှင်များဖြစ်သည့် ထွန်းအိန္ဒြာဗို၊ ထက်ထက်မိုးဦး၊ ဝတ်မှုံ ရွှေရည်တို့သည် မိုးကုတ်သူများဖြစ်သည်။ နာမည်ကြီး မော်ဒယ်များလည်း ထွက်ရှိသကဲ့သို့ ဒီဇိုင်နာပေါက်ပေါက်၏ ဇာ တိလည်းဖြစ်ပေသည်။ နာမည်ကျော် အဆိုရှင်များ ပေါ်ထွက်ရာပင်ဖြစ်သည်။ စာပေလောက၏ မီးရှုးကြယ်ဖြစ်သော သိပ္ပံမှူးတင၊ သခင်သာခင်တို့သည် မိုးကုတ်ဇာတိဖွားများ ဖြစ်ကြသည်။

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်များသည် မိမိတို့ ဇာတိချက်ကြွေမြို့သို့ ဂုဏ်ယူဝင့်ကြွားစွာ လာရောက်ဖျော်ဖြေကြလေ သည်။ မြန်မာပြည်သိန်းတန်၊ မော်ဒယ်တင်မိုးလွင်တို့ကိုလည်း ပွဲတော်တွင် တွေ့ရသည်။ အနယ်နယ်အရပ်ရပ်မှ လာ ရောက် ရောင်းချကြသော စားသုံးကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ရိုးရာအဝတ်အထည်ဆိုင်များက မုံအင်းပတ် လည်တွင် လည်ပတ်၍ပင်မဆုံးပေ။

ရန်ကုန်မှ တိုက်ရိုက်လာရောက်ကာ ရောင်းချကြသော ပဥ္စဂံ၊ တိုးမြစ်စသည့်စာပေတိုက်များပင် တွေ့ရှိရသည်။ စျေးနှုန်း ချိုသာသောကြောင့် ကျွန်တော်တို့နှစ်သက်ရာ စာအုပ်အများအပြားကို ဝယ်ယူအားပေးခဲ့သည်။ ကျွန်တော်တို့ မိုးကုတ် နှစ်(၈ဝဝ)ပွဲတော်ကို ပြီးသည်တိုင်မနေခဲ့ကြရပါ။ ကြုံတောင့်ကြုံခဲ နှစ်(၈ဝဝ)ပြည့် အထိမ်းအမှတ်သည်ကား ဗဟုသုတ များစွာဖြင့် မမေ့နိုင်စရာဖြစ်ပေသည်။ ကျွန်တော်တို့ မိုးထိမြင့်လု တောင်တန်းကြီးများကို ပြန်ဖြတ်ကြရပေဦးမည်။ ပတ္တ မြားတို့ မွေးဖွားရာမြေသည်ကား ဝေဝါးစွာ နှုတ်ဆက်ကျန်ရစ်နေတော့သည်။

(ဦးသိန်းလွင်(ဘီ.အေ)၏ မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်းကို အကိုးအကား နှုတ်ယူဖော်ပြပါသည်။)

Photo- San Maung (Kutkai)