ရှမ်းပြည်နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေရယူသူ ၈ လအတွင်း ၇ ဦးသာရှိသည်ဟုဆို

မိုင်းရူကော၊ မားနဂါး၊ စက်တင်ဘာ ၂၂ ရက်၊ လားရှိုး။

ရှမ်းပြည်နယ်တွင် မြန်မာ့စီးပွားရေးဘဏ်(Myanma Economic Bank_MEB)မှ အသေးစား၊ အလတ်စား လုပ်ငန်းများ အတွက် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လကုန်ထိ ချေးငွေထုတ်ချေးပေးခဲ့သည့် လုပ်ငန်းရှင် ၇ ဦးသာရှိကြောင်း MEB ၏ စာရင်းများအရ သိရသည်။

ရှမ်းပြည်နယ်တွင် ချေးငွေ ရယူမှုနည်းပါးရခြင်း၏ အဓိကအကြောင်းရင်းမှာ ချေးငွေများ ရယူလိုသည့် အသေးစား၊ အ လတ်စားစီးပွားရေးလုပ်ငန်းရှင်များသည် အစိုးရရုံးသို့ ဝင်ထွက်သွားလာရန်အတွက် ဝန်လေးခြင်း၊ အာမခံထားရှိမည့် ပစ္စည်းများ ဂရန်မရှိခြင်း စသည့်အခက်အခဲများကြောင့် ချေးငွေရယူမှု နည်းပါးနေကြောင်း မြန်မာ့စီးပွားရေးဘဏ် (ပြည်နယ်ရုံးခွဲ၊ လားရှိုးမြို့)လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်မျိုးထွန်းက ပြောသည်။

"နယ်မြို့တွေမှာက ဘယ်လိုဖြစ်နေလဲဆိုတော့ ကျေးရွာမှာ လုပ်ငန်းရှိတယ်။ သို့သော်ဌာနက မြို့ပေါ်ရှိတယ်။ သွားလာ ဖို့ ခက်တော့ SME(စက်မှုဝန်ကြီးမှ ထုတ်ပေးသည့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းကဒ်) ကဒ်ရဖို့ ခက်တာ ပေါ့။ သက်ဆိုင်ရာဌာနက မလုပ်ပေးတာမဟုတ်ဘူး။ ရုံးလာရင် လုပ်ပေးတယ်။ နယ်ကလူတွေက အစိုးရရုံးသွားဖို့ ဝန် လေးကြတယ်။ ချေးငွေလိုချင်တာ တစ်ခုဘဲသိတယ်" ဟု ဦးအောင်မျိုးထွန်းက မားနဂါးသတင်းဂျာနယ်သို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အသေးစားအလတ်စား လုပ်ငန်းများအတွက် ချေးငွေရယူသည့် လုပ်ငန်းရှင် ၃ ဦးရှိ ကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၄ ဦးသာ ရှိသေးကြောင်း သိရသည်။

ထိုထဲမှ အာမခံပစ္စည်းမထားသည့် CGI စနစ်ဖြင့် (Credit Grvates Insurance) ချေးငွေရယူသူ ၂ ဦးမှာ လားရှိုးမြို့မှ ကွန်ပြူတာစက်ပန်းထိုးနှင့် တောင်ကြီးမြို့မှ ပန်းပုအချောထည်လုပ်ငန်းကို CGI စနစ်ဖြင့် ထုတ်ချေးပေးသည့် အမြင့် ဆုံး ပမာဏ သိန်း ၂ဝဝ ကျပ်ကို ထုတ်ချေးပေးထားကြောင်း ဦးအောင်မျိုးထွန်းက ဆိုသည်။

ကျန်ရှိသည့် အသေးစား၊ အလတ်စား လုပ်ငန်းရှင် ၅ ဦးမှာ အာမခံပစ္စည်းထားရှိပြီး လုပ်ကိုင်နေသည့် လုပ်ငန်းများမှာ တောင်ကြီးမြို့မှ ယာကွန်လက်ဖက်ခြောက်လုပ်ငန်း၊ ဆန်စက်လုပ်ငန်း၊ ရပ်စောက်မြို့မှ ကြံသကာချက်လုပ်ငန်း၊ မိုး မိတ်မြို့မှ ဆန်ထုတ်လုပ်သည့်လုပ်ငန်း၊ နမ့်ဆန်မြို့မှ လက်ဖက်ခြောက်လုပ်ငန်းတို့ကို အာမခံပစ္စည်းများ ထားရှိကာ စုစုပေါင်း လုပ်ငန်းရှင် ၇ ဦးအား ချေးငွေ ကျပ်သိန်း (၄,ဝဝဝ) ထုတ်ချေးပေးထားကြောင်း သိရသည်။

ဆက်လက်၍ ဦးအောင်မျိုးထွန်းက "အဓိက ထုတ်ချေးတယ်ဆိုတာက အာမခံပစ္စည်းပေးတဲ့ ချေးငွေကိုဘဲ ဦးစားပေး ချေးတယ်။ အာမခံပစ္စည်းမပေးဘဲ CGI စနစ်နဲ့ သွားတယ်ဆိုတာက ဒုတိယဦးစားပေးစနစ် အာမခံပစ္စည်းပေးမယ်ဆို လဲ ဘယ်လိုဖြစ်လဲဆိုတော့ နယ်တွေမှာက ဂရန်ပေါက်တာ မရှိဘူး။ မိရိုးဖလာအတိုင်းဘဲနေလာတော့ ဒီကတောင်းတဲ့ အချက်အလက်နဲ့ မကိုက်ညီတော့ ချေးငွေလျှောက်ထားဖို့ အခက်အခဲရှိတာပေ့ါ" ဟု ဆိုသည်။

မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေများကို တစ်လလျှင် အတိုးနှုန်း ၉ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး ရှမ်းပြည်နယ် တွင် ချေးငွေများ ရယူလိုသည့် လုပ်ငန်းရှင်များရှိသော်လည်း လိုအပ်သည့် အချက်အလက်များ၊ အထောက်အထား များ မပြည့်စုံသည့်အတွက် ချေးငွေရရှိသူ နည်းပါးနေခြင်းဖြစ်သည်။

၂ဝ၁၅ ခုနှစ်တွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဟိုချောင်းကျေးရွာမှ တစ်နိုင်တစ်ပိုင် လက် ဖက်လုပ်ငန်းအတွက် ငွေကျပ် သိန်း ၃ဝဝ ချေးငွေလျှောက်ခဲ့ဖူးသူ ဦးအောင်စိန်သည် တစ်နှစ်ဝန်းကျင်ကြာ ချေးငွေရ ရန် လျှောက်ထားဖူးသော်လည်း မရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

"မန္တလေး SME ဘဏ်မှာ လျှောက်လို့ရတယ်ပြောတော့ သွားလျှောက်လိုက်တယ်။ အဲမှာလျှောက်တော့ အဲ့ဘဏ်ရဲ့ ရှေ့နေက ခင်ဗျားဟာတွေက အကုန်ပြည့်စုံတယ်။ ဒါပေမဲ့ အမျိုးသမီးက ဆုံးသွားတော့ သေဆုံးမှု မှန်ကန်ကြောင်း ထောက်ခံချက် ယူလိုက်အုံးလို့ပြောတော့ နမ့်ဆန်မှာ ပြန်ယူတယ်။ ပြန်ယူလာတော့ နောက်ထပ်အိမ်ထောင်မပြုဘူး ဆိုတာ အာမခံနိုင်သလား ခံနိုင်တယ်ဆိုရင် တရားရေးက ထောက်ခံချက်ပြန်တောင်းပေ့ါ။ သွားတောင်းတော့ တရား ရေးက ဘာပြောလဲဆိုတော့ ဒါက လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး လုပ်မပေးနိုင်ဘူးပေါ့။ လုပ်မပေးတော့ ချေး ငွေမရလိုက်ဘူး" ဟု ဦးအောင်စိန်က ပြောသည်။

အဆိုပါ တစ်နိုင်တစ်ပိုင် လက်ဖက်လုပ်ငန်းအတွက် သိန်း ၃ဝဝ ချေးငွေ ရရှိရန်အတွက် ပုံစံ ၁ဝ၅၊ ၁ဝ၆ လုပ်ရာတွင် ၇ သိန်းကုန်ကျခဲ့ပြီး လားရှိုး၊ တောင်ကြီး၊ မန္တလေးသို့ သွားရောက်ကာ လိုအပ်သည့် စာရွက်စာတမ်းများ၊ ခရီးစရိတ်များ အပါအဝင် ငွေ ၁ဝ သိန်းကျော် ကုန်ကျခဲ့ကြောင်း ၎င်းကဆိုသည်။

လုပ်ငန်းရှင်များအနေဖြင့် ချေးငွေများ ရယူရာတွင် ချေးငွေအသုံးပြုမည့်ရည်ရွယ်ချက်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာနမှ ထုတ်ပေးသော SME Card နှင့် SME လုပ်ငန်းရှင်ဖြစ်ကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရ၏ လုပ်ငန်းဆိုင်ရာ ထောက်ခံချက်၊ အိမ်ထောင်စုဝင်စာရင်းဇယားနှင့် မှတ်ပုံတင်မိတ္တူ၊ ကုမ္ပဏီ ဖြစ်ပါက ပုံစံ(E)/(6)/(26) အသင်းအဖွဲ့စည်းမျဉ်း၊ မြေယာပုံစံ (၁ဝ၅)(၁ဝ၆) မူရင်း၊ ဂရန်စာချုပ်မူရင်း၊ ဂရန်မြေအ ရောင်းအဝယ်စာချုပ် စသည့် အချက် (၂ဝ)နှင့် ကိုက်ညီမှသာ ချေးငွေများ ရယူနိုင်မည်ဖြစ်သည်။

ဓာတ်ပုံ- Google