လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အသိပညာပေး ရေဒီယိုဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပ

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အသိပညာပေး ရေဒီယိုဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပ
နေပြည်တော် ၊ မတ် ၂၆
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အသိပညာပေး ရေဒီယို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီ က နေပြည်တော် (တပ်ကုန်း) မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ Radio Dubbing Studio(1)တွင်ကျင်းပရာ နေပြည်တော် (ပျဉ်းမနား) အထက (၂)၊ နေပြည်တော် (လယ်ဝေး) အထက (၁)၊ နေပြည်တော် (ဇေယျာသီရိ) အထက (၁)၊ နေပြည်တော် (တပ်ကုန်း) အထက (၁)နှင့် အထက (၂)၊ တို့မှ ကျောင်းသူ/ ကျောင်းသား (၅) ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။
အဆိုပါ ပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ အလယ်တန်းနှင့် အထက်တန်း အဆင့် အသက် (၁၄) နှစ်မှ (၁၇)နှစ်အတွင်းရှိ ကျောင်းသား/သူ (၅) ဦးတို့က Round (၁) ခုလျှင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ ပညာရပ်မေးခွန်း (၂) ခုနှင့် ရေဒီယိုမှ ထုတ်လွှင့်သည့် အစီအစဉ်ပိုင်းဆိုင်ရာ မေးခွန်း(၂)ခု စုစုပေါင်း မေးခွန်း (၄) ခုစီဖြင့် Round (၄) ခုတွင် ယှဉ်ပြိုင် ဖြေဆိုကြခြင်းဖြစ်သည်။
ထိုသို့ယှဉ်ပြိုင်ကြရာ ရေဒီယိုဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ပထမဆုကို နေပြည်တော် (တပ်ကုန်းမြို့) အထက (၂) Grade -9 မှ မောင်ဝေယံလင်းကလည်းကောင်း၊ ဒုတိယ ဆုကို နေပြည်တော် (ဇေယျာသီရိမြို့) အထက (၁) Grade-9 မှ မောင်အောင်လင်းခန့်က လည်းကောင်း၊ တတိယဆုကို နေပြည်တော် (တပ်ကုန်းမြို့) အထက (၁) Grade-9 မှ မနန်းမိုခမ်းကလည်းကောင်း၊ အထူးဆု (၂)ဆုကို နေပြည်တော် (လယ်ဝေးမြို့) အထက(၁) Grade-6 မှ မကြယ်စင်သန့်နှင့် နေပြည်တော် (ပျဉ်းမနား) အထက(၂) Grade-8 မှ မောင်ဟိန်းကိုကိုဇော်တို့ကလည်းကောင်း ရရှိခဲ့ကြသဖြင့် ဆုရရှိကြသူများ အား မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများ က ဆုများပေးအပ် ချီးမြှင့်ကြသည်။
အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေး ရေဒီယိုဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပမှုအား (၂၇-၃-၂၀၂၄) ရက်နှင့် (၂၈-၃-၂၀၂၄)ရက်နေ့ည မြန်မာ့အသံရေဒီယိုမှ ပြည်တွင်းသတင်းများ ကြေညာအပြီးတွင် ထုတ်လွှင့်မည်ဖြစ်သည်။
အဆိုပါ ရေဒီယိုဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းအား အများပြည်သူစိတ်ဝင်စားမှု ပိုမိုရရှိပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရေး အသိပညာမျှဝေလှုံ့ဆော်ခြင်းဖြင့် လူထုလှုပ်ရှားမှု ရယူအားဖြည့်ပေးနိုင်ရေး ရည်ရွယ်ချက်များဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာနက ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပြိုင်ပွဲ (၅)ကြိမ်ကျင်းပမည်ဖြစ်ပြီး တစ်ကြိမ်စီမှ ပထမနှင့် ဒုတိယ ဆုရရှိသူ (၂)ဦးစီဖြင့် စုစုပေါင်း (၁၀)ဦးအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကျင်းပမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ ရုပ်မြင်သံကြား ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲတွင် ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)

Tuesday, March 26, 2024