မီဇိုရမ်တွင် HIV ရောဂါရှိသူဦးရေ တစ်သောင်းကျော်ရှိ

ချင်းပြည်နယ်နှင့်ထိစပ်နေသော မီဇိုရမ်ပြည်နယ်၏ လွန်ခဲ့သော ၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ မီဇိုရမ်ပြည်နယ်အတွင်း လူဦးရေ (၁၁) သိန်းရှိရာမှ HIV ရောဂါပိုးရှိသူ ဦးရေ (၁၈၀၈၁) ဦးရှိကြောင်း သိရသည်။

၄င်းမှာ မီဇိုရမ်ပြည်နယ်တွင်ရှိသော လူဦးရေအရ HIV ရောဂါပိုးရှိသူသည် လူ (၁၀ဝ) တွင် (၁.၆) ရာခိုင်နှုန်းဖြစ်ကြောင်းသိရှိရပြီး ယခုလို HIV ရောဂါကူးစက်တိုးပွားလာခြင်းမှာ ကွန်ဒုံး (Condom) မပါဘဲ လိင်ဆက်ဆံခြင်းမှ အများဆုံးဖြစ်သည်ဟု မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

အိန္ဒိယနိုင်ငံရှိ HIV Estimations 2017 Technical Report ၏ သွေးစစ်ဆေးချက်အရ မီဇိုရမ်သည် လူ (၁၀ဝ) တွင် ၂.ဝ၄ ရာခိုင်နှုန်းဖြင့် အိန္ဒိယနိုင်ငံတွင် HIV ရောဂါသည် အများဆုံးရှိသည့်ပြည်နယ်ဖြစ်ပြီး မဏိပူပြည်နယ်နှင့် နာဂလဲန်ပြည်နယ်တို့က နောက်ကလိုက်လာကြောင်း သိရသည်။

၁၉၉၀ ခုနှစ် အောက်တိုဘာလမှ ၂၀၁၈ သြဂုတ်လအထိ မီဇိုရမ်ပြည်နယ်အတွင်း HIV ရောဂါကူးစက်မှုအများဆုံးမှာ လိင်ဆက်ဆံ ခြင်းမှဖြစ်ပြီး (၆၆) ရာခိုင်နှုန်းရှိကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှု (ဆေးထိုးအပ်) မှ (၂၇) ရာခိုင်နှုန်း၊ မိခင်မှ (၃) ရာခိုင်နှုန်းနှင့် လိင်တူ ဆက်ဆံခြင်းမှ ကူးစက်မှုမရှိသေးကြောင်း မီဇိုရမ်ပြည်နယ် AIDS ရောဂါ ထိန်းချုပ်ရေးအဖွဲ့ Mizoram State AIDS Control Society (MSACS) အဖွဲ့မှတ်တမ်းတွင် ဖော်ပြသည်။

မီဇိုရမ်ပြည်နယ်ရှိ HIV ရောဂါကူးစက်ခံရသူအများစုမှာ အသက် (၂၅-၃၄) အရွယ်ဖြစ်ပြီး (၄၂) ရာခိုင်နှုန်းရှိကာ၊ အသက် (၃၅-၄၉) ကြားတွင် (၂၆) ရာခိုင်နှုန်း၊ အသက် (၁၅-၂၄) ကြားတွင် (၂၂) ရာခိုင်နှုန်းနှင့် အသက် (၅၀) ကျော်များတွင် (၄) ရာခိုင်နှုန်းကျော်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှစ၍ ယခုနှစ် ၂၀၁၈ သြဂုတ်လအထိ (၉) လအတွင်း မီဇိုရမ်တွင် HIV ရောဂါပိုးရှိသူ ဦးရေ (၁၇၇၂) ရှိကြောင်း တွေ့ရှိခဲ့သည်။ ချုံငုံပြီးပြောရရင် တစ်လကို HIV ရောဂါ ကူးစက်မှုနှုန်း (၁၉၆) ဦးရှိသည်ဟု ခန့်မှန်းရသည်။