ရူခု်ရ်မျိုးနွယ်အစ ဟူးခင်က

မိုင်းအနိုင်၊ မားနဂါး။

နေ့စဉ် နံနက်ခင်းတိုင်း ကြက်တွန်သံနဲ့အတူ လော်စပီကာမှ ဘုရားရှိခိုးသံကို ကြားရတာဟာ အထူးအဆန်း ဖြစ်စရာ တစ်ခုပါ။ ဒါပေမဲ့ ဘာသာရေးတရားကိုင်းရှိုင်းလှတဲ့ ဒီရွာလေးအဖို့ ဒါက နေ့စဉ်လုပ်ရိုးလုပ်ထုံးတစ်ခုသာ ဖြစ်ပါတယ်။ ရွာအတွင်း သက်ကြီးရွယ်အိုတွေက နေ့စဉ်နံနက်တိုင်း ဘုရာဝတ်ပြုတာတွေ၊ ငါးပါးသီလ ခံယူတာတွေ ပြုလုပ်တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အဲဒါကတော့ ရူခု်ရ်မျိုးနွယ်တို့ရဲ့အစ ရူခ်ုရ်ဒါင်း(ဟူးခင်) ကျေးရွာလေးဘဲဖြစ်ပါတယ်။

တအာင်းလူမျိုးထဲမှာ မျိုးနွယ်တစ်ခုအဖြစ် တည်ရှိနေတဲ့ ရူူခု်ရ်မျိုးနွယ်တွေဟာ ဒီရူခု်ရ်ဒါင်း(ဟူးခင်)ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ရူခု်ရ်တွေဟာ နမ့်ဆန်မြို့နယ်နဲ့ ကျောက်မဲမြို့နယ်တွေမှာ နေထိုင်ကြပါတယ်။ ဒီဟူးခင်ကျေးရွာကနေ ခွဲ ထွက်သွားတဲ့ ကျေးရွာပေါင်း ၆ ရွာ ရှိပါတယ်။

အဲဒီကျေးရွာတွေကတော့ အာရမ်း၊ ဟူးကွက်၊ ပန်သပြေ၊ အုမ်မစွမ်း၊ နမ့်တွေ၊ ပန်ဖြတ်တို့ ဖြစ်ကြပါတယ်။ ဘာသာစ ကားအရရော၊ ရိုးရာဝတ်စုံ၊ ယဉ်ကျေးမှု၊ သုံးစွဲနေတဲ့ ယွန်းစာ၊ ရိုးရာအိုးစည် ဓလေ့ထုံးတမ်းတွေကလည်း တူညီတာကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ဝေးကွာပေမယ့် ယနေ့ထိတိုင် အချိတ်အဆက်ရှိကြပြီး ပွဲတော်တွေ အတူတူကျင်းပလျက်ရှိ တာကို တွေ့နိုင်ပါတယ်။

ဟူးခင်ကျေးရွာဟာ အိမ်ခြေ ၂၃၀ ကျော်ရှိပြီး တောင်တန်းတွေပေါ်မှာ အိမ်တွေ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အိမ်ဆောက်တဲ့နေရာမှာ တောင်မတ်တာမို့ အချို့အိမ်ဆို အဲဒါကို မှီပြီးဆောက်ထားတာ ၃ ထပ် ၄ ထပ်အထိတောင် ရှိကြပါတယ်။ အိမ်အများစုဟာ ရှေ့ဟောင်းသစ်သားအိမ်တွေဖြစ်ပြီး အဲဒီသစ်သားပေါ်ကိုမှ ရေနံချေးတွေ ပြန်သုတ် ထားပါတယ်။ အဝေးကနေကြည့်ရင် တောင်တန်းပေါ်က မဲမဲသဲသဲအိမ်ရှည်ကြီးတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အ ချို့အိမ်ဆို ဆွေမျိုး ၃ ဆက်အထိတောင် ရှိထားတဲ့ ရှေ့ဟောင်းအိမ်တွေဖြစ်ပါတယ်။

သက်ကြီးရွယ်အိုအားလုံးဟာ ရိုးရာဝတ်စုံ ဝတ်ဆင်ထားတာကို မြင်တွေ့ရမှာဖြစ်ပြီး တောင်ပေါ်ကျေးရွာတွေမှာ သုံးတဲ့ ထုံးနီနဲ့ယာထားတဲ့ ကွမ်းယာကို ပါးစပ်မှာစွဲစွဲမြဲမြဲစားသုံးနေတာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ရွာပတ်ပတ်လည်လည်က တောင်ကုန်းတွေပေါ်မှာ စေတီတည်ထားတာတွေ၊ ရွာရဲ့နေရာအတော်များများမှာ နတ်စင်တွေ ပြုလုပ်ထားတာကို တွေ့ရပါတယ်။ ရွာသူ၊ ရွာသားတွေ ခရီးဝေးသွားတဲ့အခါ ဘုရား၊ မိဘတင်မက ရွာအ တွင်းက နတ်စင်တွေကိုပါ ရှိခိုးသွားကြရပါတယ်။ ဒီလိုလုပ်ခြင်းဟာ လမ်းမှာ အန္တရာယ်ကင်းတယ်လို့ ဆိုပါတယ်။

လက်ဖက်လုပ်ငန်းကို အဓိက အသက်မွေးဝမ်းကြောင်း ပြုကြပြီး အခြား တောင်ယာ၊ လယ်ယာ လုပ်ကိုင်တာတွေ မရှိ သလောက်ပါပဲ။ လက်ဖက်မထွက်တဲ့ ဒီရွာသီမှာတော့ ထင်းခုတ်ခြင်း၊ လက်ဖက်ခြံရှင်း၊ ပလိုင်းယက်လုပ်ခြင်းတွေသာ လုပ်ကြပါတယ်။

လက်ဖက်ရာသီဖြစ်တဲ့ ရွှေဖီရောက်ရင်တော့ မနက် ၅ နာရီကတည်းက ထမင်းစားပြီး လက်ဖက်သွားခူးဖို့ အသင့်ဖြစ် နေကြပါပြီ။ အခုချိန်ကတော့ တနည်းအားဖြင့် အလုပ်အကိုင်ပါးတဲ့ ရာသီလို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် ညနေပိုင်း ၅ နာရီနောက်ပိုင်း နေဝင်ချိန်မှာ နွားကိုယ်စီနဲ့ ထင်းသယ်လာသူတွေ၊ ထင်းထမ်းလာသူတွေ တ ဖွဲဖွဲ ရွာထဲဝင်လာကြတာကို ကြည်နူးဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်။ ကျေးရွာရဲ့ အောက်နားလေးမှာ အပန်းဖြေဖို့ ရေပူ စမ်းလည်း ရှိတာမို့ ခရီးသွားကြိုက်နှစ်သက်သူများအနေနဲ့ သွားလို့ကောင်းတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ- မိုင်းအနိုင်၊ မားနဂါး