လေးမျက်နှာမြို့နယ်၊ အမက(မြို့ကုန်း)ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်များ ကျင်းပပြုလုပ်လျက်ရှိရာ ဒီကနေ့ (ဇန်နဝါရီလ -၁၅ ရက်နေ့)မှာ မြို့နယ်အတွင်းရှိ အမက(မြို့ကုန်း)ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အခမ်းအနားကို နံနက်(၉)နာရီအချိန်မှာ G-4 နှင့် G-5 ကျောင်းသားကျောင်းသူလေးများရဲ့ ‘ကြိုဆိုပါသည် စုံညီပွဲတော်’ သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူးဆရာမကြီး၊ လက်ထောက်ပညာရေးမှူး ဆရာကြီးနှစ်ဦးတို့က အဖွင့်အမှာစကားများ ပြောကြားပေးခဲ့ပါတယ်။ အဲဒီနောက် အမက(မြို့ကုန်း)ရဲ့ ကျောင်းအုပ်ဆရာကြီး ဦးလှကြည်၊ ကျောင်းအကျိုးတော်ဆောင်တစ်ဦး နဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတို့က စုံညီပွဲတော်ဖြစ်မြောက်ရေး ကြိုးပမ်းခဲ့မှုများနှင့်စပ်လျဉ်းပြီး အသီးသီး ရှင်းလင်းတင်ပြ ပြောကြားခဲ့ပါတယ်။ ထို့နောက် ကျောင်းဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းသားမိဘများနဲ့ အလှူရှင်များက အလှူငွေ လှူဒါန်းထားမှုကို ကျောင်းအုပ်ဆရာကြီး ဦးလှကြည်မှ လက်ခံရယူခဲ့ပြီး ဆရာမတစ်ဦးက ကျေးဇူးတင်စကား နှင့် ကျောင်းဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ ဆက်လက် ဆောင်ရွက်နေမှုများကို ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့ ကျောင်းသား/ ကျောင်းသူများအား နန်းတော်ဦးကျောင်းတိုက်ဆရာတော် ဦးဝိစာရိန္ဒက ဆုများချီးမြှင့်ခဲ့ပြီး အားကစားပြိုင်ပွဲများ၌ ဆုများရရှိခဲ့ကြတဲ့ ထူးချွန်ကျောင်းသား/ကျောင်းသူ များကိုလည်း ဆက်လက် ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ အဲဒီနောက် ကြွရောက်လာကြတဲ့ မြို့နယ်လက်ထောက်ပညာရေးမှူးများနှင့်တကွ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများအား ကျောင်းသားကျောင်းသူလေးများက အကအလှများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရပါတယ်။