မွန်တွင် ပါတီအသစ်တစ်ခု ဖွဲ့စည်း

 

|Dawei Watch| မော်လမြိုင်၊ မေ ၁၇

“မွန်အမျိုးသားကိုယ်စားပြုပါတီ” (Mon National Representative Party – MNRP) အမည်ဖြင့် မွန်နိုင်ငံရေးပါတီအသစ် တစ်ခုကို ဒုတိယအကြိမ်ကျင်းပခဲ့သည့် မွန်နိုင်ငံရေးညီလာခံ (Mon Politic Conference) ကနေ ဖွဲ့စည်းလိုက်သည်။

မော်လမြိုင်မြို့ရှိ သာသနာ ၂၅၀၀ ဘုန်းကြီးကျောင်းတွင် မေလ ၁၂ ရက်မှ ၁၄ ရက်ထိ ကျင်းပခဲ့သည့် အဆိုပါ ညီလာခံတွင် ပါတီဖွဲ့စည်းပုံကို ဆွေးနွေးအတည်ပြုခဲ့ပြီး မွန်အမျိုးသားကိုယ်စားပြုပါတီ ဖော်ဆောင်ရေးအတွက် အဖွဲ့ဝင် ၂၁ ဦးပါသည့် ပါတီဖော်ဆောင်ရေး ကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။

“တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီတွေရဲ့စာရင်းအရ ပြောရင်တော့ ပါတီအသစ်တိုးလာတယ်လို့ပဲ ဝန်ခံရမယ်၊ ဒါပေမယ့် ခံယူချက်အရ ပြောရင်တော့ ဒီမှာ တက်လာတဲ့ ကိုယ်စားလှယ်တွေ လက်ခံထားတဲ့ မွန်ကိုယ်စားပြုပါတီက တစ်ခုပဲ၊ ဒီပါတီပဲ” ဟု ပါတီဖော်ဆောင်ရေးကော်မတီ ဒုတိယခေါင်းဆောင် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ပါတီ မှတ်ပုံတင်မည့် ကိစ္စကိုမူ လတ်တလော မဆွေးနွေးရသေးဟု သိရသည်။

မွန်ပါတီတစ်ခုတည်းဖြစ်ရန် မွန်နိုင်ငံရေးပါတီတွေ အားလုံး ပေါင်းစည်းမှု မလုပ်နိုင်ခဲ့သော်လည်း ပါတီဝင်အချင်းချင်းကြား စုစည်း ပေါင်းစည်းပြီး တတိယအင်အားစုပုံစံဖြင့် မွန်အမျိုးသားကိုယ်စားပြုပါတီ ပေါ်လာခြင်းဖြစ်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံသို့ မွန်သံဃာများအပါအဝင် မွန်လူထုအလွှာအသီးသီးက ကိုယ်စားလှယ် ၅၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့သည်ဟု ညီလာခံကျင်းပရေးကော်မတီထံမှ သိရသည်။

“ကျွန်တော်တို့က မွန်ပါတီတစ်ပါတီတည်း ဖြစ်စေချင်တယ်၊ ဖြစ်ဖို့ကို ကြိုးစားရင်း ညှိနှိုင်းရင်းနဲ့ အခု နောက်ထပ် ပါတီအသစ် တစ်ခု ဖြစ်လာတော့မယ်။ ပေါင်းစည်းဖို့ကို ဆက်လက်ညှိနှိုင်းကြဦးမယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ဖြစ်မလာရင်တော့ လာမယ့်ရွေးကောက်ပွဲအတွက်က ဘာမှ မသေချာဘူး” ဟု မွန်အမျိုးသား နိုင်ထွန်းဝင်းက ပြောသည်။

မွန်တမျိုးသားလုံး ရင်ဆိုင်ကြုံတွေ့နေရသည့် မွန်အမျိုးသားနိုင်ငံရေး အကြပ်အတည်းကိစ္စများ၊ မွန်တမျိုးသားလုံး ညီညွတ်ရေးနှင့် မွန်ပြည်သူတို့ အားကိုးအားထားပြုနိုင်သည့် အင်အားကောင်းပြီး ကိုယ်စားပြုမှုရှိသည့် မွန်နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွက်လာ နိုင်ရေး ဆွေးနွေးအဖြေရှာသည့် မွန်နိုင်ငံရေး ညီလာခံကို ပထမအကြိမ်အဖြစ် ဇန်နဝါရီလ ၁၃ နှင့် ၁၄ ရက်တို့တွင် ကျင်းပ ခဲ့သည်။

မွန်အမျိုးသားကိုယ်စားပြုနိုင်ငံရေးကော်မတီအနေဖြင့် မွန်အမျိုးသားကိုယ်စားပြုပါတီဖွဲ့စည်းရေးလုပ်ငန်းစဉ်တွင် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ ပါဝင်လာနိုင်ရန် ကြိုပမ်းခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပေ။

ပထမအကြိမ် ကျင်းပခဲ့သည့် မွန်နိုင်ငံရေးညီလာခံသို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့က တက်ရောက်ခြင်းမရှိသလို ဒုတိယအကြိမ်ညီလာခံကိုလည်း တက်ရောက်ခဲ့ခြင်းမရှိပေ။