ပြောင်းလဲလိုက်သည့် အဝေးသင်စနစ်သစ် ကျောင်းသား၊ ကျောင်းသူများအတွက် အခက်တွေ့နေ

မိုင်းနော;ဒါင်း၊ မားနဂါး၊ ဇန်နဝါရီ ၂ဝ ရက်၊ လားရှိုး။

ပညာရေးဝန်ကြီးဌာနမှ ၂ဝ၁၈ ခု ဒီဇင်ဘာလ ၂၇ ရက်တွင် ထုတ်ပြန််ခဲ့သည့် အဝေးသင် စနစ်သစ် ပညာရေးသည် အဝေးသင်တက္ကသိုလ် တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများအတွက် အခက်တွေ့စေကြောင်း အဝေးသင် တက်ရောက်နေသူများက ပြောဆိုလိုက်သည်။

အဝေးသင်တက္ကသိုလ် တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခင်နှစ်များကဲ့သို့ အနီးကပ် ၁ဝ ရက်အစား ယခုနှစ်မှ စတင်ကာ မေလတွင် Orientation ၅ ရက်တစ်ကြိမ်နှင့် စာမေးပွဲမဖြေဆိုမီ အောက်တိုဘာ၊ နိုဝင်ဘာလများတွင် အနီးကပ် ၅ ရက်တစ်ကြိမ် နှစ်ကြိမ်ခွဲကာ တက်ရောက်ရမည်ဖြစ်သည်။

မန္တလေးအဝေးသင်တက္ကသိုလ်တွင် တက်ရောက်နေသည့် တတိနှစ်မြန်မာစာကျောင်းသား မိုင်းအောင်နိုင်က “ခုမေလ မှာ ကျောင်းငါးရက် တက်ရမယ်လို့ကြားတယ်။ ရှင်းရှင်းပြောရင် အဆင်မပြေဘူး။ နဂိုကမှ Day တက်ဖို့ အဆင်မပြေလို့ အဝေးသင်တက်ပါတယ်ဆို ကြားထဲက ငါးရက်ထပ်တက်ရမယ်ဆိုတော့ မပြေနိုင်ဘူး။ ပြီးတော့ အဲငါးရက်ဆိုတာလည်း ဘာမှသင်ပေးလို့ မရဘူးထင်ပါတယ်။ ပညာရေးစနစ်ပြောင်းလဲမယ်လို့တော့ ပြောကြတယ်။ ပြောင်းလဲရင်လည်းအခြား နည်းနဲ့ ပြောင်းလဲသင့်တယ်ထင်တယ်။ ခုဟာက ကျောင်းသားတွေ အခက်တွေ့စေတာကလွှဲလို့ ဘာမှထူးလာမယ်  မ ထင်ဘူး” ဟု ၎င်းကဆိုသည်။

ယခုနှစ်တွင် ကျင့်သုံးမည့် အဝေးသင်စနစ်သစ်သည် ကျောင်းသား၊ ကျောင်းသူများအတွက် အဆင်ပြေမည့် စနစ်မ ဟုတ်ဘဲ ထိုသို့ပြောင်းလဲလိုက်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများကို ပိုမိုအခက်တွေ့စေလိမ့်မည်မည်ဟု ပြောဆို ဝေဖန်နေသူများလည်း ရှိသည်။

အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက “ကျနော်တို့ အဝေးသင် ပညာရေးကို အရည် အသွေး မြှင့်ချင်တယ်။ မြှင့်ချင်တဲ့အတွက် အဲ့ဒီ ၁၀ ရက်ကို ၂ ကြိမ် ခွဲလိုက်တယ်။ ဘာသာရပ် မိတ်ဆက်ရှင်းလင်း ခြင်းက ၅ ရက်၊ ဒီအနီးကပ်သင်တာ ၅ ရက်ဆိုပြီးတော့ ခွဲတာက ဒီနှစ် ၂၀၁၉ အဝေးသင်ပေါ့လေ။ ပြီးခဲ့တဲ့ ၂၀၁၈ ခု နှစ်က ၁၀ တန်းအောင်ပြီး အဝေးသင်တက်မယ့် လူတွေက စတယ်” ဟု ဧရာဝတီသတင်းဌာနသို့ ဇန်နဝါရီ ၁၇ ရက် တွင် ပြောဆိုထားသည်။

Orientation ကာလအဖြစ် ဒဿနိက၊ စိတ်ပညာ၊ အရှေ့တိုင်း၊ ဥပဒေဘာသာရပ်များသည် မေလ ၁၃ ရက်မှ ၁၇ ရက် ထိ၊ မြန်မာစာ၊ ပထဝီဝင်ဘာသာရပ်များအနေဖြင့် မေလ ၂ဝ ရက်မှ ၂၄ ရက်ထိ၊ အင်္ဂလိပ်စာ၊ သမိုင်းဘာသာရပ်များအ နေဖြင့် မေလ ၂၇ ရက်မှ ၃၁ ရက်ထိ မပျက်မကွက် တက်ရောက်ရမည်ဖြစ်သည်။

လားရှိုးတက္ကသိုလ် ဒဿနိကဗေဒဌာန၏ တွဲဖက်ပါမောက္ခ ဒေါက်တာမျိုးသန့်ထွန်းက “စာဘက်ပိုင်းမှာတော့ အား သာချက်ရှိတာပေါ့။ ဒါပေမဲ့ ကျောင်းသူ ကျောင်းသားဘက်ကတော့ အလုပ်အကိုင်နှစ်ခါ ပျက်ပြီးတော့ လာရမယ်။ သွားစရိတ် လာစရိတ် နှစ်ခါကုန်မယ်” ဟု ပြောသည်။

ပြောင်းလဲလိုက်သည့် စနစ်သစ်ကြောင့် အစိုးရရုံး၊ ကုမ္ပဏီများတွင် အလုပ်လုပ်နေသော ကျောင်းသား၊ ကျောင်းသူ များ ခွင့်ယူရန်ခက်ခဲမည်ဖြစ်ပြီး ငွေကြေးလဲ ပိုမိုကုန်ကျမည်ဖြစ်ကြောင်း၊ အနီးကပ်တက်မည့်ရက်ကို နှစ်ကြိမ်ခွဲပြီး တက်စေခြင်းဖြင့် စာများနှင့် ထိတွေ့မှု ပိုမိုရှိလာနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၎င်းအဝေးသင်စနစ်သစ်ထဲတွင် သိပ္ပံဘာသာတွဲ သင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်မည်မဟုတ်ဘဲ ၎င်းတို့မှာ ယခင်စနစ်ဟောင်းအတိုင်းသာ သင်ကြားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ၄၀ ကျော် တွင် ၂၀၁၈ ခုနှစ် စာရင်းအရ အဝေးသင် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၅ သိန်းခွဲခန့်ရှိကြောင်း ပညာရေးဝန်ကြီး ဌာနထံမှ သိရသည်။

ဓာတ်ပုံ- မိုင်းရူကော၊ မားနဂါး