မြေးလေးကို စာတတ်​ေ​စချင်တဲ့ အဘွား

မိုင်းအနိုင်၊ မားနဂါး။

မြေးလေးနဲ့အတူ စားဝတ်နေရေးအတွက် အသက် ၆ဝ ကျော်အရွယ်ရှိ ယာမာမန်ဟာ ဖျာတွေကို ယက်လုပ်နေရပါ တယ်။ သူမဟာ တစ်နေ့ကို ဖျာတစ်ချက်ပြီးအောင်လုပ်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် တစ်နေ့ဝင်ငွေ ကျပ် ၁ ထောင်ဝန်းကျင်ရှိပါတယ်။ ဒီငွေနဲ့ သူတို့မြေးအဘွားအတွက် စားဝတ်နေရေးပြဿနာကို ဖြေရှင်းပေးပါတယ်။ ပြီးတော့ သူ့မြေးလေးကို ကျောင်းထားပေးပါတယ်။

ယာမာမန်မှာ အိမ်ထောင်စု၊ မွေးစာရင်းတွေမရှိတော့ သူ့အသက်အရွယ်ကို သူမ မသိတော့ပါဘူး။ သူ့လိုပဲ ဒီဟိုနားရွာ မှာ အိမ်ထောင်စု၊ မွေးစာရင်းတွေ မရှိကြပါဘူး။

အသက် ၆၀ ကျော်ဆိုတာ ကျွန်တော်ခန့်မှန်းပြောထားတာပါ။ သူ့မြေးကတော့ ၁၁ နှစ်ဝန်းကျင်ရှိနေပါပြီ။ မြေးရဲ့ မိဘ နှစ်ပါးဟာ နေမကောင်းလို့ သူ့မြေးငယ်စဉ်ကတည်းက ဆုံးသွားတာမို့ အဲကတည်းက သူခေါ်ယူမွေးစားထားခဲ့တာပါ။ အဲဒီနှစ်ကိုလည်း သူအတိအကျ မသိတော့ပါဘူး။ သူ့အမျိုးသားကလည်း ထိုနည်းတူ နေမကောင်းလို့ ဆုံးသွားခဲ့တာလို့ ပြောပါတယ်။

ယာမာမန်ဟာ အနည်းငယ်သော တောင်ယာကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဒါပေမဲ့ အဲဒီက ထွက်တဲ့ စပါးဟာ သူတို့ မြေးအဘွားနှစ်ယောက်စားဖို့ လအနည်းငယ်သာ ခံပါတယ်။ ဒါကြောင့်လည်း စားဝတ်နေရေးအတွက် ဒီဖျာယက် လုပ်ငန်းကို သူပိုဦးစားပေးရပါတယ်။

တစ်နေ့ ဝင်ငွေ ၁ ထောင်လောက်သာရှိတဲ့ သူနဲ့မြေးလေးအတွက် စားဝတ်နေရေးဟာ အဆင်ပြေတာတော့ မဟုတ်ပါ ဘူး။ တစ်နေ့ ထမင်း ၂ နပ်ပဲ ပုံမှန်စားရပါတယ်။ အဝတ်အစားဆိုလည်း ပြဲရင် ပြန်ချုပ်ဝတ်ရပါတယ်။

ဒီမိုင်းယော်တိုက်နယ်က ဟိုနားကျေးရွာစာသင်ကျောင်းကို ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ တအာင်းပညာရေး အင်စတီကျူ့အဖွဲ့အစည်းကနေ ကိုယ်ထူကိုယ်ထကျောင်း စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲချိန်ကစလို့ သူ့မြေးလေးကို ကျောင်းစထားခဲ့ပါတယ်။

ယာမာမန်ဟာ စကားပြောရင် ကြားတစ်ချက်မကြားတစ်ချက်ဖြစ်တာမို့ အချို့က သူ့ကို မူသိပ်မမှန်ဘူးလို့လည်း ဆိုကြ ပါတယ်။ ဒါပေမယ့် စားဝတ်နေရေး ဒီလိုခက်ခဲတဲ့ကြားထဲမှာမှ သူ့မြေးလေးကို အများလို မခိုင်းစားဘဲနဲ့ စာဘဲသင်စေခဲ့ ပါတယ်။
စားဝတ်​​နေရေးအဆင်ပြေတာကို ဘာကြောင့် မြေးကိုအဘွားကို မကူခိုင်းတာလဲမေးတော့ "မြေးကို စာတတ်စချင် တယ်လေ" လို့သာ ကျွန်တော့်အမေးကို အဖြေပေးပြီး ဖျာဆက်ယက်နေပါတော့တယ်။

ဓာတ်ပုံ- မိုင်းအနိုင်၊ မားနဂါး