တအာင်းဂီတနှင့်ရုပ်ရှင်အစည်းအရုံးမှ ဦးစီးဖွင့်လှစ်သည့် အဆိုမွမ်းမံသင်တန်းကို တက်ရောက်ရမည့်သူ ထက်ဝက်ကျော်ပျက်ကွက်ခဲ့

မိုင်းအနိုင်၊ မားနဂါးဖေဖော်ဝါရီ ၂၅ ရက်၊ ကျောက်မဲ။

ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၅ ရက်ထိ တအာင်းဂီတနှင့်ရုပ်ရှင်အစည်းအရုံး(အဖွဲ့ချုပ်)မှ ဦးစီး၍ ကျောက်မဲမြို့တွင် ပြုလုပ်ခဲ့ သည့် ၁ဝ ရက်သာ အဆိုမွမ်းမံသင်တန်းကို တက်ရောက်ရန် လိုအပ်သည့် ခွေထုတ်ပြီးသူများနှင့် ခွေထုတ်လုပ်နေဆဲ အဆိုတော်များ ထက်ဝက်ကျော် ပျက်ကွက်ခဲ့ကြောင်း သိရသည်။

တအာင်းဂီတနှင့်ရုပ်ရှင်အစည်းအရုံး(ကျောက်မဲ)၏ အတွင်းရေးမှူးဖြစ်သူ မိုင်းဆမဲင်ရိူန်းက "ဒီသင်တန်းမှာက အဓိက အဆိုတော်တစ်ယောက်အနေနဲ့ Note ဖတ်တတ်ဖို့၊ အသံကို ဘယ်လိုထုတ်သုံးရလဲ၊ သီချင်းဆိုရင် အသက်ရှူပုံရှူ နည်း၊ ကျွန်တော်တို့က ဗုဒ္ဓဘာသာတွေဆိုတော့ အနုပညာတစ်ယောက်အနေနဲ့ ဘယ်လိုနေထိုင်သင့်လဲ၊ Group (အ ဖွဲ့လိုက်)သီချင်းဆိုရင် ဘယ်လိုမာန်ပါအောင် ဆိုရမလဲဆိုတာတွေ အဓိက သင်ပေးတာဖြစ်တယ်" ဟု ပြောသည်။

အဆိုပါ သင်တန်းကို ပြီးခဲ့သည့် ဇန်နဝါရီလကုန် ကွတ်ခိုင်တွင် ကျင်းပခဲ့သည့် အစည်းအဝေး၌ မြို့နယ်အသီးသီးရှိ EC အဖွဲ့ဝင်များအားလုံး၏ သဘောတူညီချက်အရ တအာင်းတေးသံရှင်များအားလုံး၏ အဆိုပညာအရည်အသွေးကို မြှင့် တင် လေ့ကျင်ပေးရန် လိုအပ်ချက်အရ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

သို့သော် သင်တန်းတက်ရောက်ရန်အတွက် မှန်းထားသည့် အဆိုတော်ဦးရေ ထက်ဝက်ကျော်တို့သည် အဆိုပါ သင် တန်းကို တက်ရောက်ခဲ့ခြင်းမရှိခဲ့ပေ။

"မှန်းထားတာက မိုးကုတ်မှာသီချင်းဆိုတဲ့ စာရင်း ၅ဝ နဲ့ ၆ဝ ကြားမှာ ရှိတယ်။ အခုဟာက ထက်ဝက်ကျော်တောင် ပျက်တယ်။ ၂၉ ယောက်မှာ တကယ့်အဆိုတော်က ၁၉ ယောက်ပဲကျန်တော့တယ်။ ကျန်တာက နမ့်ခမ်းနဲ့နမ့်ဆန် ပြိုင်ပွဲက Level 5 ဝင်တဲ့ လူတွေဖြစ်တယ်" ဟု မိုင်းဆမဲင်ရိူန်းက ဆက်ပြောသည်။

အဆိုပါ သင်တန်းကို တအာင်းဂီတနှင့်ရုပ်ရှင်အစည်းအရုံးမှ ဆရာဦးမိုးသိန်းက လာရောက်ပို့ချပေးခဲ့ဖြင်းဖြစ်သည်။

"အရင်တုန်းက သင်တန်းမတက်ခင် အဆိုတော်နဲ့ သင်တန်းတက်ပြီး အဆိုတော်တွေ အရမ်းကို ကွာခြားသွားတယ်။ ကိုယ့်ကို ယုံကြည်မှုတွေရှိလာတယ်။ Note တွေ ဖတ်တတ်လာတယ်။ အသံသဘောတရားကိုလည်း နားလည် သွားတယ်" ဟု ၎င်းကဆိုသည်။

အဆိုမွမ်းမံသင်တန်းကို ဆက်လက်ဖွင့်လှစ်မည် မဟုတ်တော့ဘဲ ဂီတနှင့်ပတ်သက်သည့် အခြေခံသင်တန်းများကိုမူ ဆက်လက်ဖွင့်ရန် အစီအစဉ်ရှိကြောင်း တအာင်းဂီတနှင့်ရုပ်ရှင်အစည်းအရုံးမှ သိရသည်။

ဓာတ်ပုံ- Mai Green Tea