မငြိမ်းချမ်းခြင်းရဲ့ နောက်ကွယ်က အသံတိတ် လူသတ်လက်နက်

မိုင်းရူကော၊ မားနဂါး။

မိုးမိတ်လို့ ပြောလိုက်ရင် လူအများ ပြေးမြင်မိတာက ပတ္တမြားထွက်တဲ့ မိုးကုတ်မြို့နဲ့နီးစပ်တဲ့မြို့လို့ဘဲ ထင်ကြမှာပါ။ ဒါပေမဲ့ မိုးမိတ်မြို့ရဲ့ နောက်ကွယ်မှာ အသံတိတ် လူသတ်လက်နက် ရှိနေတယ်ဆိုတာကို သတိထားမိတဲ့သူတွေ အနည်းအကျဉ်းဘဲ ရှိပါတယ်။ လူတွေတဖြေးဖြေးနဲ့ တိတ်တဆိတ်ပျောက်ကွယ်စေတဲ့ အကြောင်းရင်းကို စိတ်ဝင်စားတဲ့သူတွေလဲ နည်းပါတယ်။

လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေးကို ဇီဝိန်ခြွေနေတဲ့ အသံတိတ်လူသတ်လက်နက်က တခြားမဟုတ်ပါဘူး။ စိတ်ကြွဆေးပြားလို့အများက ခေါ်နေကြတဲ့ မူးယစ်ဆေးပြဿနာပါ။ အများစုကတော့ အလုပ်ပင်ပန်းတဲ့ဒဏ်ကို ခံနိုင်ရည်ရှိဖို့ သုံးစွဲကြတယ်ဆိုပေမဲ့ နောက်ပိုင်းမှာ ဆေးဖြစ်ဝါးဖြစ် မဟုတ်တော့ဘဲ အလွန်အကျွံသုံးစွဲရာကနေ အသက်သေဆုံးတဲ့အထိ ဖြစ်လာတာတွေ ရှိနေပါတယ်။

ကပ်ဆိုးကြီးသဖွယ် တဖြေးဖြေးနဲ့ ကြီးထွားလာတဲ့ မူးယစ်ဆေးပြဿနာကို ကြာလာတော့ လူထုတွေက မျက်ကွယ်မပြု နိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေနဲ့ ဆက်စပ်တဲ့ မိသားစုတွေ အသိုင်းအဝိုင်းတွေကလဲ မူးယစ်ဆေးရဲ့ဒဏ်ကို လက်တွေ့ ခံစားနေရပြီမို့ မူးယစ်ဆေးဝါးပြဿနာကို တွန်းလှန်စေဖို့အတွက် တွန်းအားတစ်ရပ် ဖြစ်စေခဲ့တာပါ။

မူးယစ်တိုက်ဖျက်မှုတွေမှာ ၂ဝ၁၅ မတိုင်ခင်နှစ်တွေထိ လူထုတွေရဲ့ပူးပေါင်းပါဝင်မှုဟာ မရှိသလောက်ဖြစ်နေပြီး ၂ဝ၁၅ ခုနှစ် နောက်ပိုင်းမှာတော့ လူထုတွေရဲ့ ပါဝင်မှုက သိသိသာသာရှိလာသလို အရင် ဦးသိန်းစိန်အစိုးရလက်ထက်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဟာ သိသာတဲ့ ပြောင်းလဲမှု ကြီးကြီးမားမား မဖြစ်ခဲ့ပေမဲ့ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ NLD အရပ်သားအစိုးရ လက်ထက်မှာတော့ သိသာတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာတယ်လို့ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်း လုပ်ဆောင်နေတဲ့လူထုအခြေပြုအဖွဲ့တချို့က ပြောဆိုနေကြပါတယ်။

လက်ရှိ NLD အစိုးရလက်ထက်မှာ ဘာတွေပြောင်းလဲသွားလဲလို့ လူထုအခြေပြုမူးယစ်တိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ မိုးမိတ်မြို့ခံ ဦးစိုးမိုးအောင်ကိုမေးတော့ ပြောင်းလဲပါတယ်။ ဖမ်းဆီးမှု အရှိန်မြင့်လာတယ်။ မူးယစ်တိုက်ဖျက်ရေးမှာ အရပ်ဖက်အဖွဲ့အစည်း ပူးပေါင်းတာတွေလည်း ရှိလာတယ်” လို့ ဆိုပါတယ်။

ဒါပေမဲ့ ကျေနပ်စရာကောင်းလောက်တဲ့ အခြေအနေတော့ မဟုတ်သေးပါဘူး။ ပြီးခဲ့တဲ့ ၂ဝ၁၇ နှစ်ဆန်းပိုင်းမှာ ရဲတပ်ဖွဲ့တွေကို သတင်းပေးပေမဲ့လည်း ရဲတပ်ဖွဲ့အင်အား မလုံလောက်တာကြောင့် အရေးယူဆောင်ရွက်နိုင်တာ မရှိခဲ့ဘူးလို့လဲ သူက ပြောပါတယ်။

လွန််ခဲ့တဲ့ နှစ်နှစ်က ဘဝင်မကျတာရှိတယ်။ ရဲတပ်ဖွဲ့အင်အားမရှိတော့ ကျနော်က သတင်းရတယ် ရဲတပ်ဖွဲ့ဝင်တွေက အဆင်သင့်မရှိိဘူး။ သူတို့အင်အား ချမပေးနိုင်တဲ့အတွက် သတင်းပေးတဲ့အချိန်မှာ ချက်ချင်းအရေးယူနိုင်မှုမရှိဘူး” ဆိုပြီး ဦးစိုးမိုးအောင်က ထပ်လောင်းပြောပြပါတယ်။

အရင်တုန်းကတော့ ဒီမိုးမိတ်ဒေသမှာ သစ်လုပ်ငန်းတွေဟာ အကြီးအကျယ် လုပ်ဆောင်ခဲ့တဲ့ နေရာတစ်ခုပါ။ သစ်လုပ်ငန်းကို ဗန်းပြပြီး မူးယစ်ဆေးဝါးတွေဟာ မိုးမိတ်မြို့ထဲကို စိမ့်ဝင်လာနေသလို ဒေသတွင်း မငြိမ်းချမ်းတာဟာ မူးယစ်ဆေးဝါးလုပ်ငန်း လုပ်ဆောင်နေသူတွေကို ကြီးမားတဲ့အခွင့်အလမ်းပေးသလို ဖြစ်စေခဲ့ပါတယ်။

မိုးမိတ်မှာက ရဲတပ်ဖွဲ့အင်အား လုံလောက်မှု မရှိဘူူး။ မရှိတော့ လုပ်ရကိုင်ရခက်ခဲတယ်။ အဓိကတော့ သစ်လုပ်ငန်းတွေကို ဗန်းပြပြီးတော့ မူးယစ်ဆေးဝါးတွေက စိမ့်ဝင်တယ်။ နောက်ပြီး မငြိမ်းချမ်းတော့ ဝင်ထွက်သွားလာတာ ဖမ်းဆီးရတာ ခက်တယ် ဆိုပြီး ဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲကို ပြောပါတယ်။

၂၀၁၀ ခုနှစ် မတိုင်မီတုန်းက မိုးမိတ်ဒေသမှာ သစ်လုပ်ငန်းတွေ ရွှေလုပ်ငန်းတွေ အလုပ်ဖြစ်ထွန်းနေတဲ့အတွက် အညာဒေသကလူတွေအပါအဝင် ဒေသခံလူထုတွေကလည်း အလုပ်အကိုင် ရှိနေတော့ မူးယစ်ဆေးဝါးသုံးစွဲသူ လက်ချိုးရေတွက်လို့ ရပေမဲ့ နောက်ပိုင်းမှာ သစ်တွေကလည်း ကုန်လာသလို ရွှေလုပ်ကွက်တွေလဲ တဖြေးဖြေးပျောက်ကွယ်လာတာမို့ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားတာ သုံးစွဲလာတာတွေ မြှင့်တက်လာခဲ့တာပါ။

နယ်မြေဒေသမလုံခြုံတာဟာ မူးယစ်ဆေးဝါးလုပ်ငန်း လုပ်ဆောင်နေသူတွေအတွက်တော့ အခွင့်ကောင်းတစ်ရပ်လိုဖြစ်နေပြီး ရဲတပ်ဖွဲ့တွေအနေနဲ့လဲ နယ်မြေဒေသအရ မလုံခြုံတဲ့နေရာတွေမှာ ထိရောက်တဲ့ ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်နိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

ကျနော်တို့ သွားလာလို့မရတဲ့နေရာရှိတယ်။ တစ်ချို့နေရာဆို တပ်ပါမှ သွားလာလို့ရတာ ရှိတယ်။ မိုးမိတ်မှာက ဘိန်းလည်းမထွက်ဘူး။ စိတ်ကြွဆေးပြားတွေလည်း မထွက်ဘူး။ တစ်ခြားနေရာကနေ ဆင်းသက်လာတာ။ လမ်းကြာင်းကတော့ တောတွင်းလမ်းကြောင်းကလာတာ။ တောတွင်းလမ်းမှာ လက်နက်ကိုင်တွေရှိနေတော့ ရဲအနေနဲ့ သွားလာလို့ အဆင်မပြေဘူး။” လို့ မိုးမိတ်မြို့မ ရဲစခန်းမှူး တင်မျိုးထွန်းက မားနဂါးသတင်းဂျာနယ်နဲ့ သီးသန့်တွေ့ဆုံစဉ်မှာ ပြောပါတယ်။

မိုးမိတ်မှာက ငြိမ်းချမ်းမှ ဖမ်းဆီးရတာ ပိုလွယ်မယ်။ ရဲကျတော့ လက်နက်အင်အားမပြည့်စုံဘူးလေ သွားလာရတာ မလွယ်ဘူူး။ မြို့ပေါ်ရောက်တဲ့ဟာတွေကျတော့ ဖမ်းမိတာ များပါတယ်။ တောထဲဆင်းသက်လာတဲ့ဟာတွေက အကြီးစားတွေ ဆင်းသက်လာတယ်။ ကျနော်တို့လည်း တောထဲဆို မသွားတာများတယ်။ တောထဲဆို ကျနော်တို့ မသွားရဲဘူးပေါ့။” ဆိုပြီး သူက ဆက်ပြောပါတယ်။

မိုးမိတ်မြို့နယ် ရဲတပ်ဖွဲ့အနေနဲ့ ၂ဝ၁၈ ခုနှစ်မှာ မူးယစ်ဆေးဝါးပတ်သက်တဲ့အမှုပေါင်း ၉၆ မှု၊ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလကနေ မတ်လကုန်ထိ ၃၃ မှု အရေးယူဆောင်ရွက်ထားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ရဲ့စာရင်းအရ သိရပါတယ်။

မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဆက်စပ်မှုရှိနိုင်လားလို့ မေးမြန်းရာမှာတော့ မူးယစ်ဆေးဝါးနဲ့ လက်နက်ကိုင်တွေ ဆက်စပ်မှုရှိတယ်လို့တော့ ပြောလို့မရဘူး။ ကျနော်တို့ မိသမျှက လက်နက်ကိုင်တွေနဲ့ ဆက်စပ်တာ မတွေ့ရသေးဘူး။” လို့ ရဲစခန်းမှူးတင်မျိုးထွန်းက ဆိုပါတယ်။

အကြီးစားဖမ်းဆီးမှုတွေ လုပ်ဆောင်ရာမှာတော့ ရဲတပ်ဖွဲ့အနေနဲ့ တပ်မတော်ရဲ့ အကူအညီကို ရယူပြီး ဖမ်းဆီးတာတွေ လုပ်ဆောင်နေရတယ်လို့ ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းမှာ ရဲတပ်ဖွဲ့နဲ့သာ လုပ်ဆောင်နေရင် အောင်မြင်နိုင်မှာမဟုတ်ဘဲ ဒေသခံလူထုတွေရဲ့ ပူးပေါင်းပါဝင်မှုရှိမှသာ အောင်မြင်နိုင်မယ်လို့ မိုးမိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိုးသောင်က ဆိုပါတယ်။

မူးယစ်ဆေးဝါးပပျောက်ဖို့ဆိုရင် ပြည်သူအားပါမှရမယ် ပြည်သူအားမပါရင် ဘာမှလုပ်လို့ မရဘူး။ ရဲက အင်အား နည်းတော့ ဖမ်းဆီးမှုမှာ တော်တော် အားနည်းတာပေါ့။ ပြည်သူလူထုပူးပေါင်းပါဝင်ပြီး ဖမ်းဆီးမှ အောင်မြင်မယ်လို့ ကျနော်မြင်တယ်” လို့ ဦးတိုးသောင်က ပြောပါတယ်။

မိုးမိတ်မြို့မှာဖြစ်နေတဲ့ မူးယစ်ဆေးဝါးပြဿနာနဲ့ပတ်သက်ပြီး လွှတ်တော်မှာ တင်ပြတာ မရှိသလို ရဲတပ်ဖွဲ့အင်အားနည်းတဲ့ အခြေအနေတွေကိုလဲ တင်ပြတာတွေ မေးမြန်းတာတွေ မရှိသလို လက်ရှိ ပြဌာန်းထားတဲ့ မူးယစ်ဥပဒေအရ မူးယစ်ဖမ်းဆီးမှုလုပ်ဆောင်နေတဲ့သူတွေကိုယ်တိုင် တရားခံဖြစ်သွားနိုင်တဲ့ အခြေအနေမို့ လူထုတွေက ပူးပေါင်းပါဝင်ဖို့ ကြောက်လန့်နေတာတွေလဲ ရှိနေတယ်လို့ သူက ဆိုပါတယ်။

ပြည်သူလူထုတွေပူးပေါင်းပါဝင်တာ အားရကျေနပ်မှု မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေက ကြောက်တာပေါ့လေ။ ပြီးတော့ မူးယစ်ဥပဒေလည်း ပြင်းထန်တာပေါ့။ ဥပမာ ဖမ်းဆီးပေးတဲ့သူကတောင် တရားခံပြန်ဖြစ်သွားနိုင်တာမျိုးပေါ့။ အဲလိုရှိတဲ့အတွက် တစ်ချို့ကလည်း ဒါကိုုကြောက်တယ်။” လို့ ဦးတိုးသောင်က သုံးသပ်ပြောဆိုပါတယ်။

မိုးမိတ်ဒေသက ကျေးရွာတော်တော်များများမှာ မူးယစ်ဆေးဝါးကပ်ဆိုးတွေ တဖြည်းဖြည်း ဆိုးရွားလာပြီးတဲ့နောက်မှာ ခိုးမှုတွေ ဓားပြတိုက်တာတွေ မကြာခဏ ဖြစ်လာခဲ့လို့ ၂၀၁၅ ခုနှစ်မှာ ကျေးရွာလူထုက ပူးပေါင်းပြီးတော့ မူးယစ်ဆေးတိုက်ဖျက်ရေးကို စတင်လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အားရကျေနပ်လောက်တဲ့ ပူးပေါင်းပါဝင်မှုတော့ မဟုတ်သေးပါဘူး။ ဒေသခံလူထုတွေအနေနဲ့ ဒီထက်မက ပူးပေါင်းပါဝင်ဖို့ လိုအပ်နေပါသေးတယ်။

မိုးမိတ်မြို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အစွန်အဖျားမြို့နယ်တစ်မြို့ဖြစ်ပြီး စက်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်တွေနဲ့ ထိစပ်နေတဲ့အတွက် လမ်းကြောင်းအရ မိုးမိတ်ဘက်ကနေ အဲဒီဒေသတွေဘက်ကို မူးယစ်မှောင်ခိုလုပ်ငန်းတွေက အလွယ်တကူ ပျံ့နှံ့စေတဲ့ လမ်းကြောင်းဖြစ်စေခဲ့ပါတယ်။

ဒေသတွင်းမှာရှိတဲ့ ရဲတပ်ဖွဲ့၊ လူထုမူးယစ်တိုက်ဖျက်ရေးတွေအနေနဲ့လဲ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေကို တားဆီးတိုက်ဖျက်ရာမှာ နယ်မြေဒေသ မလုံခြုံတာ မငြိမ်းချမ်းတာဟာ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်နေတဲ့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အစွန်အဖျားမြို့နယ်က လူထုတွေဟာ ဒေသတွင်း ငြိမ်းချမ်းသွားပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်မယ့်နေ့ကို မျှော်လင့်နေကြပါတယ်။

ဒါ့အပြင် UNODC ကနေ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလမှာ ထုတ်ပြန်ခဲ့တဲ့ ၂ဝ၁၈ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစစ်တမ်းအစီရင်ခံစာမှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ ဘိန်းစိုက်ပျိုးရာဒေသတွေကို ထိန်းချုပ်ထားတယ်လို့ အတိအလင်း ဖော်ပြထားပြီး အဲဒီဒေသတွေမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တွေရဲ့ ထိန်းချုပ်ရာ သို့မဟုတ် သြဇာလွှမ်းမိုးမှုရှိတဲ့ နယ်မြေလို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ- The Marnagar