စီမံကိန်းအချို့ကို တိုင်းလွှတ်တော် တင်/မတင် အစိုးရနှင့် လွှတ်တော်အကြား အငြင်းပွား

 

Dawei Watch| ထားဝယ်၊ ဇန်နဝါရီ ၂၉

တနင်္သာရီတိုင်းအတွင်း အကောင်အထည်ဖော်မည့် စီမံကိန်းအချို့ကို တိုင်းလွှတ်တော်သို့ တင်ရန်လို/ မလို ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ တိုင်းအစိုးရနှင့် လွှတ်တော်အကြား အငြင်းပွားလျက်ရှိသည်။

နိုင်ငံ့ဘဏ္ဍာငွေဖြင့် လုပ်ကိုင်မည့် စီမံကိန်းများကို လွှတ်တော်ကို တင်ရမည်ဖြစ်သော်လည်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းများကိုမူ လွှတ်တော်သို့ တင်ရန်မလိုအပ်ဘဲ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောကြားသည်။

ထားဝယ်မြို့တွင် ဇန်နဝါရီလ ၂၂ ရက်က ကျင်းပသည့် ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ စာစောင်မိတ်ဆက်ပွဲ  အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“နားလည်ထားတာက တိုင်းဒေသကြီး ဘတ်ဂျက်နဲ့ အစိုးရဘတ်ဂျက်နဲ့ လုပ်မယ့် လုပ်ငန်းစီမံကိန်း လုပ်ငန်းကြီးကြီး သေးသေး အားလုံးကတော့ လွှတ်တော်မဖြတ်ဘဲနဲဲ့ လုပ်လို့ကိုမရဘူး၊ အခြားပုဂ္ဂလိက စီးပွားရေးလုပ်ငန်းကျတော့ လွှတ်တော် တင်စရာမလိုဘူးဆိုမျိုးပေါ့”ဟု တိုင်းဒေသကြီးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးကမူ တိုင်းအတွင်းလုပ်ဆောင်မည့် မည်သည့်စီမံကိန်းမျိုးကိုမဆို လွှတ်တော်သို့ တင်ရမည်ဖြစ်ကြောင်း အဆိုပါ အခမ်းအနားတွင် ပြောသည်။

“တိုင်းဒေသကြီးနဲ့ ပတ်သက်တဲ့ စီမံကိန်းများကျတော့ ဘတ်ဂျက်ဖြစ်သည်ဖြစ်စေ၊ ဘတ်ဂျက်မဖြစ်သည်ဖြစ်စေ အကုန်လုံးသည် တိုင်းဒေသကြီး လွှတ်တော်ကို ဖြတ်ရမှာဖြစ်ပါတယ်”ဟု တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

တင်လာသည့် စီမံကိန်းနှင့် ပတ်သက်၍ တိုင်းဒေသကြီးလွှတ်တော်က ပြည်သူများ အကျိုးရှိ/မရှိ၊ ထိခိုက်မှု ရှိ/မရှိကို သုံးသပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ ၀ိ၀ါဒကွဲလွဲနေသည့် အချက်ကို ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်ထောင်စုဝန်ကြီးတို့ ဆွေးနွေးမည်ဆိုပါက အဆင်ပြေလိမ့်မည်ဟု မျှော်လင့်ကြောင်း ၀န်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။

တိုင်းအတွင်း အကောင်အထည်ဖော်မည့် သရက်ချောင်း ငါးလေလံစျေးကဲ့သို့သော စီမံကိန်းအချို့ကို တိုင်းဒေသကြီးလွွှတ်တော်မတင်ပြသည့်အတွက် ပွင့်လင်းမြင်သာမှု အားနည်သည်ဟု တိုင်းလွှတ်တော်ဥက္ကဋ္ဌက ဝေဖန်ပြောဆိုဖူးသည်။

တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၃၃ တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရသည် ပြည်ထောင်စု အစိုးရက ချမှတ်ထားသည့် မူဝါဒများနှင့်သော်လည်းကောင်း၊ ပြည်ထောင်စုဥပဒေများနှင့် သော်လည်းကောင်း မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောက်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်းသည့် စီမံကိန်များကို လွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်” ဟု ဖော်ပြထားသည်။