ထားဝယ်တွင် အသက် ၁၉ နှစ်အောက် ဘောလုံးအသင်းတစ်သင်း သီးခြားဖွဲ့မည်

 

|Dawei Watch| ထားဝယ်၊ ဧပြီ ၉

ထားဝယ်တွင် အသက် ၁၉ နှစ်အောက် ဘောလုံးအသင်းတစ်သင်း သီးခြား ဖွဲ့စည်းမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရပါသည်။

ထားဝယ်မြို့နယ်တွင် ကျေးရွာကိုယ်စားပြု အသင်းလေးသင်းနှင့် ရပ်ကွက် ကိုယ်စားပြု အသင်းလေးသင်းဖြင့် ပြိုင်ပွဲကျင်းပကာ လက်ရွေးစင် ၁၈ ဦးရွေးချယ်မည်ဖြစ်ကြောင်း အထက်ပါဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောပါသည်။

ကျေးရွာအသင်း ၄ သင်းနှင့် ရပ်ကွက်အသင်း ၄ သင်းပြိုင်ပွဲကို ရွှေဝယ်သီရိအားကစားကွင်းတွင် ဧပြီလ ၂၄ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အနိမ့်ဆုံး အသက် ၁၇ နှစ် သတ်မှတ်ထားကြောင်း ၎င်းက ပြောပါသည်။

ရွေးချယ်ထားသည့် ကစားသမားများဖြင့် အသင်းတစ်သင်းဖွဲ့စည်းကာ ယင်းကစားသမားများကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု လိုင်စင်ရနည်းပြများက မေလမှ ဇူလိုင်လအထိ သုံးလအကြာ လေ့ကျင့် ပေးမည်ဖြစ်ကြောင်း ဦးစိုးမိုးနိုင်က ပြောပါသည်။

“အရွေးခံရပြီးရင် သုံးလစလုံး လာလေ့ကျင့်ရမယ် မလေ့ကျင့်နိုင်တဲ့သူတွေ ဒီပြိုင်ပွဲမှာပါလို့ မရဘူး” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ သီးခြားလေ့ကျင့်ထားသည့် အသင်းက အသက် ၁၉ နှစ်အောက် တိုင်းလက်ရွေးစင်အဖြစ် ရွေးချယ်သည့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်း အရွေးချယ်ခံရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်း သက်တမ်းအလိုက် ဘောလုံးအသင်းများ အားလုံးသည် ၂၀၁၁ ခုနှစ်နောက်ပိုင်း တိုင်းနှင့်ပြည်နယ်အဆင့်ပြိုင်ပွဲများတွင် ဆုတံဆိပ်များနှင့် လွဲချော်လျက်ရှိသည်။