ကော်ဖီစိုက်ပျိုးမှု တွင် နည်းပညာနှင့်ဈေးကွက်များ ဖန်တီးပေးရန် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့

ကော်ဖီပင်များကိုစိုက်ပျိုးခဲ့ကြသော်လည်း ၀ယ်ယူမည့် စျေးကွက် မရှိတာကြောင့် တဖြည်းဖြည့်နှင့် ကော်ဖီပင်များကို ပြုစု၍ စိုက်ပျိုးသူများနည်းပါးလာသည်ဟုသိရသည်။

ကချင်ပြည်နယ် တောင်တန်းဒေသတွင် ကော်ဖီမျိုးကောင်းမျိုးသန့်များဖြင့် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်ရန် စီမံချက်ချမှတ်၍ ထွက်ရှိလာသောကော်ဖီစေ့များကို ပြည်နယ်အစိုးရမှ ဝယ်ယူပြီး ဒေသခံပြည်သူများအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရေးဆောင်ရွက်ပေးရန် ပြည်နယ်အစိုးရအားတိုက်တွန်းသောအဆိုကို ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပဉ္စမရက်နေ့တွင် အဆိုတင်သွင်းခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ပြောသည်။
“ ကချင်ပြည်နယ်မှာ ဒီကော်ဖီကိုကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးဖို့ပေါ့နော်။ မျိုးကောင်း၊မျိုးသန့်နဲ့ နည်းပညာကိုတော့ အစိုုးရကနေ တာဝန်ယူပေးဖို့ပေါ့။ တာဝန်ယူပြီးတော့မှ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်းရဖို့၊စီးပွားဖွံ့ဖြိုးတိုးတက်ဖို့ပေါ့နော်။အဲတာကိုကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်ကြဖို့ အစိုးရကိုတိုက်တွန်းတဲ့အနေနဲ့အဆိုတင်တာ” ၄င်းက ပြောကြားသည်။
အဆိုပါ အဆိုအားလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာထောက်ခံမဲ ၂၂ မဲနှင့် ကန့်ကွက်မဲ ၂၅ မဲရရှိကာကန့်ကွက်မဲသုံးမဲဖြင့် အဆိုရှုံးနိမ့်ခဲ့ပြီး ၄င်းအဆိုအား မှတ်တမ်းအနေဖြင့် ရှိနေမည် ဖြစ်ကြောင်းသိရသည်။
မိုးညှင်းမြို့နယ်တွင် လွန်ခဲ့သည့် ၁၉၇၅ / ၇၆ ခုနှစ်ခန့်တွင် ကော်ဖီခြံများ စိုက်ပျိုးခဲ့ကြရာ အောင်မြင် ဖြစ်ထွန်းကြောင်းသိရသည်။
 “ဟိုတုန်းကကော်ဖီခြံကြီးကိုလေးငါးနှစ်ဆက်တိုက်စိုက်ခဲ့ဖူးတယ်။အောင်မြင်တယ်၊ ဖြစ်ထွန်းတယ်။ကချင်ပြည်နယ်မှာတော့ ခြံအနေနဲ့တော့ သိပ်မစိုက်ကြဘူး။အိ်မ်တိုင်းအိမ်တိုင်းမှာတော့ စားဖို့၊ သုံးဖို့ပဲသုံးကြတယ်။ အိမ်တိုင်းအိမ်တိုင်းမှာတော့ ကျွန်တော်တို့ စိုက်ပျိုးရေးဌာနက ဖြန့်ပေးတယ်။ တစ်အိမ်ကို ၂၅ ပင်လောက် ဖြန့်ပေးတယ်။ အဲဒီအကျိုးရလဒ်ကကော်ဖီပင်တွေကအိမ်တိုင်းမှာခုထိကိုရှိနေတုန်းပဲ။” မိုးညှင်းမြို့ စိုက်ပျိုးရေးဌာနမှ ပင်စင်ယူထားသည့် ဦးမြင့်သန်းက ဟုရှမ်းနီအသံသို့ ပြောသည်။
ယခင်ကကော်ဖီပင်များကိုစိုက်ပျိုးခဲ့ကြသော်လည်း ဝယ်ယူမည့် ဈေးကွက် မရှိတာကြောင့် တဖြည်းဖြည့်နှင့် ကော်ဖီပင်များကို ပြုစု၍ စိုက်ပျိုးသူများနည်းပါးလာသည်ဟုသိရသည်။
“လက်ရှိအခြေအနေမှာ ပြန်စိုက်ကြမယ်ဆိုရင် အဓိကတော့ ဈေးကွက်ပါပဲ။ ဈေးကွက်ရှိတယ်ဆိုရင်တော့ စိုက်ကြမှာပဲ။ ခက်တာကဒီဘက်မှာဟိုတုန်းက ဂျုံလည်းစိုက်ခဲ့ကြတယ် အောင်တယ် ဈေးကွက်မရှိဘူး။ကော်ဖီစိုက်ခဲ့တယ် အောင်တယ် ဈေးကွက်မရှိဘူး။အဲလိုဖြစ်နေတာဈေးကွက်သာရှိခဲ့မယ်ဆိုရင် ဒီသီးနှံဟာစိုက်သင့်ပါတယ်။ပဲပဲစိုက်စိုက်ဘယ်ဟာပဲစိုက်စိုက် ကုန်စည်တိုင်၊ပွဲရုံလေးတွေ ရှိမှ အဆင်ပြေမှာ။” ဟု၄င်းက ဆက်ပြောသည်။
၂၀၁၂-၂၀၁၃ ခုနှစ်တွင် ကချင်ပြည်နယ်အတွင်းတွင် ကော်ဖီမျိုးစေ့ ၂၀၂၁ ပျိုးကြဲထားကြောင်း သိရသည်။