မြိတ်တွင် ပင်လယ်မျှော့ အရနည်းလာ

ပင်လယ်မျှော့များကို အခြောက်လှမ်းထားစဉ်(ဓာတ်ပုံ - ကိုဆန််း)

 

Dawei Watch၊ မြိတ် ဇန်နဝါရီ ၃

မြိတ်ဒေသထွက်ကုန်တစ်ခုဖြစ် သည့် ပင်လယ်မျှော့များကို ပြီးခဲ့သည့် နှစ်ထက် အရနည်းလာကြောင်း ယင်း လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
ပင်လယ်မျှော့များအား ကျွန်းစပ် ရေတိမ်ကြမ်းပြင်တွင် ရေငုပ်ကိရိယာဖြင့် ငုပ်ရသည်။

သို့သော် လက်ရှိတွင် ခရီးသွား လုပ်ငန်းလုပ်ကိုင်နေသော ကျွန်းများတွင် ယခင်ကဲ့သို့ လွပ်လပ်စွာ စိတ်ကြိုက် ငုပ်ခွင့် မရှိတော့သည့်အတွက် အရနည်း လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ကျွန်းတွေရှေ့မှာ ငုပ်လို့မရတော့ ဘူး။ လှေကျောက်ချတာ တောင်လာ မောင်းထုတ်နေတာ လိုင်စင်ရှိလျက်နဲ့ ခိုးငုပ်ရမယ့်ဘဝမျိုး ဖြစ်နေတယ်”ဟု ရေပုန်းရပ်ကွက်နေ မျှော့လှေလုပ်ငန်းလုပ် ကိုင်သူ ကိုကျော်ကျော်ဇင်က ပြောသည်။

ကျွန်းပေါ်နေထိုင်သူတို့က ဟန့် တား မောင်းထုတ်ခြင်းဖြစ်ကြောင်း ၎င်း က ဆိုသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင် ဘာလတို့တွင် တစ်လတစ်ခေါက်နှုန်းဖြင့် မြို့ပေါ်ဈေးကွက်သို့ တင်ပို့ရောင်းချနေ ရသော်လည်း ယခုနှစ် ၂၀၁၇ ခုနှစ် နို ဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ၂ လတစ်ခေါက်နှုန်းသာ လာရောက်ရောင်း ချနိုင်တော့ကြောင်း ယင်းလုပ်ငန်းလုပ် ကိုင်သူများက ပြောသည်။

ယခင်က လူတစ်ဦးတစ်ညငုပ်လျှင် ပင်လယ်မျှော့(အစိမ်း) ၃ ပိဿာခန့်ရရှိ သော်လည်း ယခုအခါ ၁ ပိဿာပင်မရ တော့ကြောင်း ၎င်းတို့က ဆိုသည်။

ပင်လယ်မျှော့ငုပ် လှေများအား ယခင်က လိုင်စင်ထုတ်ပေးခဲ့သော်လည်း ပြီးခဲ့သည့် နှစ်မှစပြီး အသစ် ထုတ် ပေးခြင်း မရှိတော့ဘဲ ထုတ်ပေးခဲ့သည့် လှေများမှာလည်း အရေအတွက်မှာ အနည်းငယ် (ခုဂဏန်း)သာရှိသည်ဟု မြိတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မြိတ်ဘက်က လှေတွေက မရှိသ လောက်ဖြစ်သွားပြီ ဘုတ်ပြင်းဘက်ကပဲ များတယ်”ဟု ကိုကျော်ကျော်ဇင်က ပြော သည်။

ပင်လယ်မျှော့အမျိုးအစားပေါင်း ၁၀ ကျော်ရှိပြီး ဈေးကွက်တွင် ပင်လယ် မျှော့အခြောက် တစ်ပိသာလျှင် အရည် အသွေးအပေါ်မူတည်ကာ ကျပ် ၃ သောင်း မှ ကျပ် ၂ သိန်းနီးပါးအထိ ပေါက်ဈေး ရှိကြောင်း ယင်းဈေးကွက်မှ သိရသည်။

ပင်လယ်မျှော့များကို တရုတ် နိုင်ငံသို့ အဓိက တင်ပို့ရောင်းချလေ့ရှိပြီး ဒေသခံများ စားသောက်လေ့မရှိပေ။