ကျောက်မီးသွေး အသုံးပြုခြင်းသည် နိုင်ငံကို နှစ်ခါပြန် နစ်နာစေဟု မွန်လွှတ်တော် ဒုဥက္ကဌ ဆို

MCL တို့ဆိုရင် သူရဲ့ အကျိုးစီးပွားအတွက်ပဲ ဖြစ်သွားတယ်၊ ဒေသခံတွေအတွက် ဘာမှ အကျိုးစီးပွားမရှိဘူး၊ နောက်ဆုံးတောင်ကြီးပါ ကုန်မယ့်အနေအထားတွေ ဖြစ်နေတယ်၊ နိုင်ငံက ရမယ့် အမြတ်ခွန်တွေ နှစ် ရာခိုင်နှုန်းဟာ ဒီဒေသမှာ ရှိတဲ့ ပြည်သူတွေ အပြည့်အဝ မခံစားရဘူး”ဟု ၎င်းက ပြောသည်။

မော်လမြိုင်၊ ဇွန် ၂၁ ။              ။ နိုင်ငံခြား ရင်းနှီးမြှုပ်မှုများ ပြုလုပ်လျက်ရှိသည့် ကုမ္ပဏီများကို စွမ်းအင်ကဏ္ဍအတွက် ကျောက်မီးသွေး အသုံးပြုခွင့် ပေးအပ်ထားခြင်းသည် နိုင်ငံကို နှစ်ခါပြန် နစ်နာစေကြောင်း မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဌ ဒေါက်တာ အောင်နိုင်ဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ကျွန်တော်တို့က နှစ်ခါပြန်လောက် နစ်နာတယ်၊ ကိုယ်ဆီမှပဲ ဆိုးကျိုးတွေ လာထားသွားတယ်၊ ကောင်းကျိုးတွေကျတော့ သူများနိုင်ငံကို ပို့ကျတယ်”ဟု ၎င်းက ထောက်ပြပြောဆိုသည်။

နိုင်ငံအတွင်းသို့ လာရောက် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံခြားသား လုပ်ငန်းရှင်များသည် ပတ်ဝန်းကျင် ထိခိုက်မှု အများဆုံး ဖြစ်ပွား ကျောက်မီးသွေးများကို တင်သွင်း ထုတ်ယူသုံးစွဲကြပြီး ရရှိသည့် အကျိုးအမြတ်များကို ၎င်းတို့နိုင်သို့ ပြန်လည် ယူဆောင်နေကြောင်း ၎င်းက ပြောဆိုသည်။

နိုင်ငံ၌ အများဆုံးထွက်ရှိ သဘာဝဓာတ်ငွေ့များသည် ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်ပြီး စွမ်းအင်ကဏ္ဍအတွက်လည်း များစွာ အထောက်အကူ ပြုနိုင်သည့် ကုန်ကြမ်းတစ်ခု ဖြစ်သည့်အတွက်ကြောင့် အစိုးရအနေဖြင့် သဘာဝဓာတ်ငွေ့များကို နိုင်ငံခြားသို့ တင်ပို့ရောင်းချမှုကို ပြန်လည် စဉ်းစားသုံးသပ်သင့်ကြောင်း ၎င်းက ပြောသည်။

ကျောက်မီးသွေးဖြင့် လျှပ်စစ် ထုတ်လုပ်ရာ၌ ကုန်ကျစရိတ်နည်းသော်လည်း ရေတိုအတွက်သာ ကောင်းနိုင်ပြီး ရေရှည် အသုံးပြုပါက များစွာ ထိခိုက်မှုများ ရှိနေသည်ကို တစ်ကမ္ဘာလုံးက လက်ခံထားကြောင်း ဒေါက်တာအောင်နိုင်ဦးက ပြောဆိုသည်။

ယင်းအပြင် ကမ္ဘာနိုင်ငံအသီးသီးရှိ ဖွံ့ဖြိုးတိုးတတ်သည့် နိုင်ငံများတွင် ကျောက်မီးသွေးများကို ၎င်းတို့ နိုင်ငံအတွင်း၌ ထုတ်လုပ်ခြင်း မရှိတော့ဘဲ ဖွံ့ဖြိုးမှု နည်းသည့် နိုင်ငံများကို ဦးတည်၍ ပစ်မှတ်ထား ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

“MCL တို့ဆိုရင် သူရဲ့ အကျိုးစီးပွားအတွက်ပဲ ဖြစ်သွားတယ်၊ ဒေသခံတွေအတွက် ဘာမှ အကျိုးစီးပွားမရှိဘူး၊ နောက်ဆုံးတောင်ကြီးပါ ကုန်မယ့်အနေအထားတွေ ဖြစ်နေတယ်၊ နိုင်ငံက ရမယ့် အမြတ်ခွန်တွေ နှစ် ရာခိုင်နှုန်းဟာ ဒီဒေသမှာ ရှိတဲ့ ပြည်သူတွေ အပြည့်အဝ မခံစားရဘူး”ဟု ၎င်းက ပြောသည်။

ကျောက်မီးသွေးသည် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှု အများဆုံး ဖြစ်သည် လုပ်ငန်း တစ်ခုဖြစ်သည်ကို တစ်ကမ္ဘာလုံးက လက်ခံထားသည့်အတွက် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုလျှင် သဘာဝဓာတ်ငွေ့များ၊ ရေနံသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများလည်း လုပ်ဆောင်နိုင်ကြောင်း ၎င်းက ပြောကြားသည်။

ဇွန် ၁ ရက်က ကျင်းပသော မွန်ပြည်နယ် အစိုးရ၏ ပထမတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ကျောက်မီးသွေး အသုံးပြုမှုကို လက်မခံပါက နိုင်ငံ မတိုးတက်နိုင်ကြောင်း ပြောဆိုထားသည်။

ယင်းအပြင် မွန်ပြည်နယ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဦးမင်းထင်အောင်ဟန်ကလည်း အစိုးရအနေဖြင့် စွမ်းအင်ကဏ္ဍဖွွံ့ဖြိုးတိုးတတ်ရေးအတွက် ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် အစီအစဉ်ကို မဖြစ်မနေ ထည့်သွင်းသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မွန်ပြည်နယ်တွင် ကျောက်မီးသွေးသုံး၍ လျှပ်စစ်စွမ်းအင် မဂ္ဂါဝပ် ၄၀ ထုတ်ယူသုံးစွဲနေသည့် မော်လမြိုင်ဘိလပ်မြေစက်ရုံတစ် ရုံရှိသည်။

ယခင်အစိုးရလက်ထက်က ရေးမြို့နယ်တွင် ကျောက် မီးသွေးသုံး၍ လျှပ်စစ်စွမ်းအင် မဂ္ဂါဝပ် ၁,၂၈၀ ထုတ်လုပ်ရန် ပြည်ထောင်စု အစိုးရနှင့် တိုယိုထိုင်း ကုမ္ပဏီတို့ MOA လက်မှတ်ရေး ထိုးထားခဲ့သော်လည်း ယနေ့ထိ အကောင်ထည်ဖော် လုပ်ဆောင်ခြင်း မရှိသေးပေ။

ဟင်္သာမီဒီယာ