ဘုတ်ကျွန်းကို ခရီးသွားခွင့်ပြုရန် နီးစပ်လာ

ဘုတ်ကျွန်းကို ခရီးသွားများ သွားရောက် လည်ပတ်ရန် စိတ်ဝင်စားသော်လည်း တားမြစ်နယ်မြေဟုဆိုကာ ပိတ်ပင်ထားခြင်း ဖြစ်သည်

|Dawei Watch| ထားဝယ်၊

တပ်မတော်၏ လက်အောက်တွင် တည်ရှိပြီး တားမြစ်နယ်မြေအဖြစ် တည်ရှိသော ထားဝယ်ကမ်းလွန်ရှိ ဘုတ်ကျွန်းကို ခရီးသွားလုပ်ငန်းအတွက် အစီအမံများ တောင်းခံလာရာ ခရီးသွားများ တရားဝင်လည်ပတ်ခွင့်ပြုရန် နီးစပ်လာပြီဖြစ်သည်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် နာမည်ကြီး ဘုတ်ကျွန်းရှိ ကမ်းခြေ (အရပ်ခေါ် အော်) နှစ်ခုတွင် ခရီးသွားလုပ်ငန်း လုပ်ကိုင်မည် ဆိုပါက လိုအပ်သည့် အစီအမံများ တင်ပြရန် သက်ဆိုင်ရာ ဌာနများကို ညွှန်ကြားထားကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ပြောကြားသည်။

လောင်းလုံးဘုတ်ကျွန်း ကျွန်းအမှတ် ၄ ရှိ အုန်းပင်အော်နှင့် လိပ်သောင်ကြီးအော်တို့တွင် ခရီးသွားလုပ်ငန်း လုပ်ကိုင်ရန်အတွက် မြေဧရိယာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံချက်များကို သက်ဆိုင်ရာ ဌာနများကို တင်ပြခိုင်းထားကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ဆိုသည်။

ခရီးသွားလုပ်ငန်း လုပ်ကိုင်ရန်အတွက်ဘုတ်ကျွန်းရှိ ယင်း အော်၂ ခုကို ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ်ပေးရန် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလက သမ္မတရုံးကို စာတင်ထားခဲ့ကြောင်း ဝန်ကြီးဦးမြင့်မောင်က ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာနက ယင်းနေရာများအတွက် တိုင်းအစိုးရထံ အစီအမံများ တောင်းခံလာသည့်အတွက် ဆက်စပ်ဌာန များ၏ သဘောထားမှတ်ချက်၊ အစီအမံများ တောင်းခံခြင်းဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

“အဲဒါ တက်လာပြီဆိုရင်တော့ အဲဒီအစီအမံပေါ် မူတည်ပြီးတော့ သက်ဆိုင်ရာ ကာကွယ်ရေးဝန်ကြီးဌာနကို ပြန်ပြီးတော့ ပေးပို့မှာ ဖြစ်ပါတယ်”ဟု တိုင်းဒေသကြီး ဝန်ကြီးဦးမြင့်မောင်က ပြောသည်။

လိပ်သောင်ကြီးအော်နှင့် အုန်းပင်အော်တို့တွင် ခရီးသွားလုပ်ငန်းအတွက် လိုအပ်သည့် မြေဧရိယာ ပမာဏကို သိရှိနိုင်ရန် ထားဝယ်ဒေသရှိ ခရီးသွားလုပ်ငန်းရှင်များကို ဇွန်လ ၂၂ ရက်က တွေ့ဆုံပြီး ဆွေးနွေးမေးမြန်းထားကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးက ဆိုသည်။

“ခရီးသွား လုပ်ငန်းရှင်တွေဆီက အဖြေရရင် တိုင်းအစိုးရကို ဆက်တင်ပြသွားမယ်”ဟု တိုင်းဒေသကြီး ဟိုတယ်/ခရီး ညွှန်ကြားရေးမှူးက ပြောသည်။

လောင်းလုံးဘုတ်ကျွန်းကို ဖွင့်ပေးမည်ဆိုပါက အလုပ်အကိုင် အခွင့်အလမ်းများ ပိုများလာပြီး ဒေသကို အကျိုးပြုနိုင်မည် ဖြစ်ကြောင်း ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ဆိုသည်။

“အရင်က ဝင်လာတဲ့ ခရီးသွား စံချိန်ကို မီအောင်တော့ ကြိုးစားရအုန်းမယ်လို့ ထင်တယ်” ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဒေါ်မိုးမိုးသူက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဧပြီလက အဆိုပါကျွန်းကို လုံခြုံရေးအရ တားမြစ်နယ်မြေဖြစ်၍ ခရီးသွားလုပ်ငန်းများ လုပ်ဆောင် ခြင်းမပြုရန် ထုတ်ပြန်ခဲ့သည်။

လောင်းလုံးဘုတ်ကျွန်းအား ၁၉၉၉ ခုနှစ် စက်တင်ဘာလတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ မောရဝတီရေတပ်စခန်း ဌာနချုပ်၏ တပ်ပိုင်မြေအဖြစ် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။