စမ်းကြီးလူငယ်ပြုပြင်ထိန်းသိမ်းရေးသင်တန်းကျောင်း၌ ဘတ်ဂျက်မလုံလောက်မှုကြောင့် ပညာရေးနှင့်ကျန်းမာရေးတွင် အခက်အခဲများရှိ

“ ကလေးတွေအတွက် ကျောင်းဝတ်စုံ အလုံအလောက်မရှိတော့ ပြီးခဲ့တဲ့နှစ်က ဝတ်စုံတွေကိုပဲ ပြန်ပေးဝတ်ရတာပေါ့၊ဘတ်ဂျက်ကလည်းနည်းတော့ ကျူရှင်လည်းမထားပေးနိုင်ဘူး၊ကျန်းမာရေးအတွက်ဆိုလည်း တချို့ဆေးရုံတင်ဖို့အထိဖြစ်လာတဲ့အခါ သွားလာဖို့ကအစ ဘာယာဉ်တစ်စီးမှမရှိတော့ အဆင်မပြေဘူး” ဟု ဦးခင်မောင်သန်းကပြောသည်။

 

မော်လမြိုင် ၊ ဇွန် ၂၈ ။         ။ မော်လမြိုင်မြို့၊စမ်းကြီးရပ်ကွက်ရှိ လူငယ်ထိန်းသိမ်းပြုပြင်ရေးသင်တန်းကျောင်း၌ အခြေခံပညာအဆင့် သင်ကြားနေသူများအတွက် ဘတ်ဂျက်နည်းပါးနေမှုကြောင့် ကျောင်းပညာသင်ကြားရေးနှင့် ကျန်းမာရေးတွင် အခက်အခဲများရှိနေကြောင်း ကျောင်းအုပ်ဆရာကြီးဦးခင်မောင်သန်းက  ဟင်္သာမီဒီယာကို ပြောကြားသည်။

“ ကလေးတွေအတွက် ကျောင်းဝတ်စုံ အလုံအလောက်မရှိတော့ ပြီးခဲ့တဲ့နှစ်က ဝတ်စုံတွေကိုပဲ ပြန်ပေးဝတ်ရတာပေါ့၊ဘတ်ဂျက်ကလည်းနည်းတော့ ကျူရှင်လည်းမထားပေးနိုင်ဘူး၊ကျန်းမာရေးအတွက်ဆိုလည်း တချို့ဆေးရုံတင်ဖို့အထိဖြစ်လာတဲ့အခါ သွားလာဖို့ကအစ ဘာယာဉ်တစ်စီးမှမရှိတော့ အဆင်မပြေဘူး” ဟု ဦးခင်မောင်သန်းကပြောသည်။

အဆိုပါသင်တန်းကျောင်းတွင် မိဘမဲ့ကလေး၊ လေလွင့်ကလေးများနှင့် ပြစ်မှုကျူးလွန်ထားသည့် ကလေးဟူ၍သုံးမျိုးရှိကြောင်း၊ကျောင်းပညာသင်ကြားနိုင်သူ ၄၂ ဦးရှိပြီး၊ ပညာမသင်ကြားနိုင်သူများကို သက်မွေးပညာရပ်များ သင်ကြားပေးလျက်ရှိကြောင်း ၎င်းကဆိုသည်။

“ကျောင်းမတက်ရတဲ့ကလေးတွေကို စက်မှုလက်မှုပညာတွေနဲ့ ဆံပင်ညှပ်သင်တန်းတွေ၊မုန့်လုပ်နည်းပညာတွေ၊စက်ချုပ်သင်တန်းတွေကို သင်ပေးနေပါတယ်” ဟုယင်းက ထပ်လောင်းပြောသည်။

ယခုပညာသင်နှစ်တွင် မူလတန်းကျောင်းသား အယောက်၂၀၊ အလယ်တန်းကျောင်းသား ၁၆ ဦးနှင့် အထက်တန်းကျောင်းသား ၅ ဦးတို့ရှိကြောင်းသိရသည်။

“ဒီကလေးတွေကို ပညာထူးချွန်တတ်မြောက်စေချင်တယ်၊ ကျောင်းမှာသင်တာနဲ့က မလုံလောက်ဘူး၊ကျူရှင်ကိုလည်းတက်စေချင်တာပေါ့၊အဓိက ကတော့အထက်တန်းကျောင်းသားတွေကို ပိုပြီး အောင်မြင်စေချင်တာပေါ့” ဟု ၎င်းကဆိုသည်။

၂၀၁၆ ပညာသင်နှစ်တွင် ကျောင်းသားတစ်ဦးအတွက် တစ်နှစ်စာ ပညာသင်စရိတ် ထောက်ပံ့မှုအဖြစ် ၈ဝဝဝ ကျပ်သတ်မှတ်ပေးထားကြောင်းသိရသည်။

ဟင်္သာမီဒီယာ